ခေါင်းပြားပြားအိပ်ရတဲ့ ဒုက္ခသည်
ခု ဇွန်လဆိုရင် စပိန်နိုင်ငံကို ရောက်ပြီး ခိုလှုံနေတာ ၄ နှစ်ရှိသွားပါပြီ။
ဒုက္ခသည်ရုံးကို ရောက်တော့ ပထမဆုံး စ မေးခံရတဲ့ မေးခွန်းက 'ဘာကြောင့် ထွက်ပြေးလာတာလဲ' ဆိုတာပါပဲ။ ဒါနဲ့ နောက်ထပ် တပါတည်း တွဲပါလာတဲ့ မေးခွန်းက 'မင်း မြန်မာနိုင်ငံကို ပြန်ရင် ဘာဖြစ်မလဲ' ဆိုတာပါ။
နိုင်ငံရပ်ခြားမှာ ဒုက္ခသည် ခံမယ်ဆိုရင် အခြေခံ အကြောင်းရင်း ၅ ချက်မှာ တခုခုနဲ့ ငြိပါမှ ဒုက္ခသည်ခံခွင့် ခိုလှုံခွင့် တောင်းပိုင်ခွင့်ရှိပါတယ်။ ဒါတွေကတော့...
(၁) လူမျိုးရေး
ကိုယ်နေထိုင်တဲ့နိုင်ငံမှာ ကိုယ့်ရဲ့ အသားအရောင်၊ မျိုးနွယ်စု စသဖြင့် ခွဲခြားဆက်ဆံခံရရင်၊ မွေးရာပါ အချက်အပေါ် အခြေခံပြီး ပြဿနာရှာခံရရင် ဒါကြောင့်အသက်အန္တရယ်ထိပါ ဒုက္ခရောက်နိုင်တဲ့ လူတွေ။
(၂) ဘာသာရေး
ဥပမာ ကိုယ်က အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး ခရစ်ယာန်ဘာသာပြောင်းလို့မရရင် ဒါမှမဟုတ် အစ္စလာမ်ဘာသာ ကြီးစိုးတဲ့နိုင်ငံမှာ ကိုယ်က ခရစ်ယာန်ဘာသာဝင်ဖြစ်နေပြီး ကိုယ့်အပေါ် ခွဲခြားဆက်ဆံခံရင်။ ကိုယ့်ဘာသာရေးယုံကြည်မှုကို အသက်အန္တရယ်ရှာခံရရင်။
(၃) နိုင်ငံသားရေး၊ နိုင်ငံသားဖြစ်ပိုင်ခွင့်
ကိုယ်က နိုင်ငံတနိုင်ငံထဲမှာနေပြီး လူများစုနဲ့ မတူတဲ့ ဘာသာစကားတခုကို ပြောတယ်၊ ကွဲပြားတဲ့ သရုပ်သကန်ရှိတယ်၊ ဥပမာ ဆီးရီးယားက ကာ့ဒ်တို့၊ သီရိလင်ကာနိုင်ငံက တမီတို့လိုမျိုး ခွဲခြားဆက်ဆံခံရရင်။
(၄) လူ့အဖွဲ့အစည်းအတွင်းက သီးခြားအုပ်စုတွေ
LGBTQ+ တွေ၊ ကိုယ့်လိင်တိမ်းညွတ်ရာကြောင့်၊ ဒါမှမဟုတ် အမျိုးသမီးဖြစ်နေလို့ကို လူ့အသိုင်းအဝိုင်းက ချိုးနှိမ်ထားတာမျိုး၊ တဆင့်နှိမ့်ထားတာမျိုး၊ မသန်စွမ်းဖြစ်နေလို့ကို ဝိုင်းကျဉ်တာမျိုး စသဖြင့် ခံရသူတွေနဲ့...
(၅) နိုင်ငံရေးခံယူချက်
ကိုယ့်ရဲ့နိုင်ငံရေးအမြင်၊ ယူဆချက်ကြောင့် လူများစုက၊ အုပ်ချုပ်သူက ကိုယ့်အသက်အန္တရယ်ကို ရန်ရှာရင်၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေလိုမျိုး။
ဒီအချက်တွေထဲမှာ ကျနော်က နံပါတ် ၅ အချက်ထဲ ပါတာမို့လို့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် တောင်းပိုင်ခွင့်ရပါတယ်။ ဒုက္ခသည်စခန်းထဲ တွေ့ခဲ့ဖူးတဲ့လူတွေထဲမှာ အီရန်နိုင်ငံမှာ ခရစ်ယာန်ဖြစ်ချင်လို့၊ ဘူကီနာဖာဆိုမှာ လူနည်းစုဖြစ်တာကြောင့်မို့လို့ စသဖြင့် လူပေါင်းစုံ တွေ့ခဲ့ဖူးပါတယ်။
အဲ့ဒီလိုပဲ ဒုက္ခသည်စခန်းထဲ ရိုးလက်စ် နာရီ၊ ဂူချီ၊ အယ်လ်ဗီဝမ်းဆက်နဲ့ အပျော်ခရီးထွက်သလို တမိသားစုလုံး ပြုံးပြုံးပျော်ပျော် ရောက်လာတဲ့ အာဖဂန်တွေလည်း တွေ့ဖူးတယ်။
တချို့လည်း အပေါ်က ပြောတဲ့အချက် ၅ ချက်စလုံး တခုမှ မဝင်ဘဲ ဥရောပ နိုင်ငံသား အမြန်ဖြစ်တဲ့လမ်းကြောင်းနဲ့ ဒုက္ခသည်ဖြစ်နည်း သင်တန်းတက်ပြီး ရောက်လာသူတွေလည်း အများကြီးပါပဲ။
ဒုက္ခသည်စခန်းရောက်ပြီး တပတ်တကြိမ် ရှော့ပင်းထွက်နေတဲ့ ဒုက္ခသည်မျိုးလည်း အများကြီး မြင်ခဲ့ရတယ်။
ဟိုးအရင်ကတော့ မြန်မာနိုင်ငံက ဒုက္ခသည် ဇာတ်လမ်းတွေကို အများကြီး ကြားဖူးပေမဲ့ ကိုယ်တိုင်မကြုံရဖူးဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ ကိုယ့်အဝန်းအဝိုင်းထဲမှာလည်း ဇာတ်လမ်းပေါင်းစုံကြားရတယ်။ တချို့လည်း အစစ်အမှန်၊ တချို့လည်း အကြံအဖန်။
ဘယ်လိုအကြောင်းပဲ ပြပြ လူဆိုတာ ကိုယ်ကြိုက်ရာနေရာ ရွှေ့ပြောင်းနေထိုင်ပိုင်ခွင့်၊ နိုင်ခွင့်၊ ရွေးချယ်ခွင့်ရှိတာပါပဲ။ ဘာကြောင့်ပဲဆိုဆို အာဏာသိမ်းပြီးနောက်ပိုင်းမှ ပြည်ပကိုရောက်ရင် ‘အာဏာသိမ်းလို့ ရောက်လာတာပါ’ လို့ အကြောင်းပြကြသူချည်းပဲ ဖြစ်ပါလိမ့်မယ်။
လူဝင်မှုကြီးကြပ်ရေးက မေးတော့ နိုင်ငံရဲ့ စစ်တပ်က လူတွေ ဘယ်လောက်ထိ သတ်ဖြတ်နေကြောင်း၊ ဆန္ဒပြသူတွေကို ဘယ်လိုနှိမ်နင်းကြောင်း၊ လေကြောင်းကနေ ဘယ်လိုဗုံးကြဲကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။
တပြိုင်နက်တည်း စိတ်ထဲခံစားနေရတာက ကိုယ့်စကားလုံးတွေ၊ အသုံးအနှုန်း အပြောအဆိုတွေအပေါ် အပြစ်ရှိသလို၊ အဲ့ဒီလူတွေအပေါ် နင်းပြီး တကိုယ်စာအဆင်ပြေရေး ကြိုးစားနေရသလို ခံစားလာရပါတယ်။
ဆန္ဒပြပွဲမှာ အသက်ဆုံးပါးသွားသူတွေ၊ လေကြောင်းကကြဲလို့ အသားစ ထွက်သွားသူတွေ၊ စစ်ကြောရေးမှာ ရေနွေးပူနဲ့လောင်းခံရသူတွေရဲ့ ပုံရိပ်တွေနဲ့ ဓာတ်ပုံတွေ၊ လူနာမည်တွေ မျက်လုံးထဲ မြင်လာပြီး သူတို့ကြောင့် ခုံပေါ်ထိုင်ပြီး အေးအေးလူလူ စကားပြောခွင့်ရနေတာပါလားဆိုတဲ့ စိတ်ကို ဖြစ်လာစေတယ်။
ခု ဇွန်လဆိုရင် စပိန်နိုင်ငံကို ရောက်ပြီး ခိုလှုံနေတာ ၄ နှစ်ရှိသွားပါပြီ။
ကော်သူးလေထဲက အမိုး ဖထီး တို့ရဲ့ကျေးဇူး၊ လမ်းတလျှောက်ကူညီပေးခဲ့သူတွေ၊ ကိုယ့်အပေါ် ကိုယ်၏ နှုတ်၏ စောင်မမှုနဲ့ စကားပါးခဲ့ကြသူတွေကျေးဇူးကြောင့် ညဘက် ခေါင်းပြားပြားအိပ်နေရတာပါလားလို့ အကြိမ်ကြိမ် နှလုံးသွင်းပါတယ်။ အဲ့ဒီလိုပဲ ၂၀၂၁ ဖေဖော်ဝါရီ ကတည်းက သေကြေပျက်ဆီးခဲ့သူတွေရဲ့ နာမည်တွေ၊ အသက်တွေကြောင့် ဒုက္ခသည်ခံခွင့်ရခဲ့တာပါလားလို့ မမေ့မလျော့ အောက်မေ့ပါတယ်။
အဲ့လို ပြောပြရံုအပြင် ကိုယ့်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု့ ပံုတွေ ၊ သက်သေတွေ ပြရသေးလား ဗျ