လက်ဘနွန်တောင်ပိုင်းဟာ ဒုတိယဂါဇာ ဖြစ်လာနိုင်သလား
လက်ဘနွန်တောင်ပိုင်းက စစ်ဆင်ရေးပုံစံကို ကြည့်မယ်ဆိုရင် အစ္စရေးဟာ စနစ်တကျနဲ့ တဖြည်းဖြည်းချင်း အပိုင်းပိုင်းဖြတ်ပြီး ဖျက်ဆီးနေတာကို တွေ့ရမှာပါ။
(ဒီဆောင်းပါးကို YouTube မှာလည်း ကြည့်ရှုနိုင်ပါတယ်)
ကမ္ဘာတစ်ဝန်းကလူတွေဟာ ဟော်မုဇ်ရေလက်ကြားက ဒုံးကျည်ပစ်ခတ်မှုတွေနဲ့ အစ္စလာမ္မာဘတ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုပဲ အာရုံစိုက်နေကြတဲ့အချိန်မှာ တခြားဘက်မှာတော့ နောက်ထပ်စစ်ပွဲတစ်ခုက တစ်ပြိုင်တည်း ဖြစ်ပွားနေပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲက သတင်းခေါင်းကြီးပိုင်းတွေမှာ သိပ်မပါလာပါဘူး။
မတ်လ ၂ ရက်နေ့ကစပြီး ဟစ်ဇ်ဘိုလာ အဖွဲ့ဟာ အီရန်နဲ့အတူ ရပ်တည်ကြောင်းပြသတဲ့အနေနဲ့ အစ္စရေးကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အစ္စရေးက ဟစ်ဇ်ဘိုလာ အခြေစိုက်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ လက်ဘနွန်တောင်ပိုင်းက အရပ်သားတွေကိုလည်း အိုးအိမ်စွန့်ခွာပြေးကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေ တောင်ဘက်ကို ဆင်းမလာနိုင်အောင် လီတာနီမြစ်ပေါ်က တံတားတွေကိုလည်း အစ္စရေးက ဗုံးကြဲဖျက်ဆီးပစ်ခဲ့ပါတယ်။
တကယ်တော့ လက်ဘနွန်တောင်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲဟာ အီရန်စစ်ပွဲထက် မလျော့တဲ့ ပြင်းထန်မှုမျိုးနဲ့ ဖြစ်နေတာပါ။ သေဆုံးစာရင်းတွေ ယှဉ်ကြည့်ရင် အီရန်ပြီးရင် ဒုတိယအများဆုံးက လက်ဘနွန်မှာ ဖြစ်ပါတယ်။
စစ်ပွဲစတင်ကတည်းက လက်ဘနွန်မှာ ကလေးငယ် ၁၂၄ ဦးအပါအဝင် လူပေါင်း ၁,၂၃၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ လက်ဘနွန်လူဦးရေရဲ့ ၅ ပုံ ၁ ပုံဖြစ်တဲ့ လူပေါင်း ၁ ဒသမ ၂ သန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါပြီ။
လက်ရှိ လက်ဘနွန်တောင်ပိုင်းက စစ်ဆင်ရေးပုံစံကို ကြည့်မယ်ဆိုရင် အစ္စရေးဟာ စနစ်တကျနဲ့ တဖြည်းဖြည်းချင်း အပိုင်းပိုင်းဖြတ်ပြီး ဖျက်ဆီးနေတာကို တွေ့ရမှာပါ။
အစ္စရေးဟာ အနည်းဆုံး မြေပြင်တပ်သား ၅,၀၀၀ ကျော် ကို လက်ဘနွန်ထဲကို စေလွှတ်ထားပြီးပြီ ဖြစ်ပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရဆိုရင် နယ်စပ်အနီးက မြို့တော်တော်များများမှာ Merkava တင့်ကားတွေ နဲ့ သံချပ်ကာကားတွေကို မြင်တွေ့နေရပါပြီ။ အထူးသဖြင့် ခီယန်မြို့မှာဆိုရင် မြို့ရဲ့ ရပ်ကွက်တစ်ခုလုံးနီးပါး မြေလှန်ဖျက်ဆီးခံလိုက်ရတာကို တွေ့ရပါတယ်။
ဒါ့အပြင် အစ္စရေးဟာ လီတာနီမြစ်ပေါ်က အဓိကတံတားအများစုကို ဗုံးကြဲဖျက်ဆီးလိုက်ပြီး လက်ဘနွန်တောင်ပိုင်းကို ကျန်တဲ့နိုင်ငံတစ်ဝန်းနဲ့ အဆက်အသွယ်ပြတ်အောင် လုပ်ထားပါတယ်။ ဒီမြစ်ဟာ အစ္စရေးနယ်စပ်ကနေ အဝေးဆုံးက မိုင် ၂၀ လောက်အထိ ဝေးတာပါ။
အဲဒီတံတားတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အရပ်သားတွေအတွက်ရော၊ ကျန်နေသူတွေအတွက်ပါ အစားအသောက်၊ ဆေးဝါးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ဖို့အတွက် အသက်သွေးကြောတွေ ဖြစ်ပါတယ်။ မတ်လ ၁၃ ရက်နေ့ကစလို့ မြစ်ကူးတံတား ၅ စင်းကို ဖျက်ဆီးခဲ့ပြီးတော့ ကျန်တဲ့လမ်းဆုံလမ်းခွ အားလုံးနီးပါးကိုလည်း အစ္စရေးစစ်တပ်ကပဲ ဆက်လက်ထိန်းချုပ်ထားမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နေအိမ်တွေ၊ ဓာတ်ဆီဆိုင်တွေနဲ့ ဟစ်ဇ်ဘိုလာနဲ့ ဆက်စပ်နေတဲ့ လောင်စာဆီဖြန့်ဖြူးရေးလုပ်ငန်းတွေအပြင် တခြားအရပ်ဘက် အခြေခံအဆောက်အအုံတွေကိုပါ အကုန်ဖျက်ဆီးပစ်နေတာပါ။ ကာကွယ်ရေးဝန်ကြီးကတော့ ဒီလိုဖျက်ဆီးမှုတွေကို “ဂါဇာက Rafah နဲ့ Beit Hanoun မော်ဒယ်အတိုင်း လုပ်ဆောင်နေတာ” လို့ ပေါ်တင်ပဲ ပြောပါတယ်။ အစ္စရေးက မြေလှန်ဖျက်ဆီးပစ်ခဲ့တဲ့ ပါလက်စတိုင်းမြို့နှစ်မြို့ကို ရည်ညွှန်းတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အစ္စရေးဘက်က တရားဝင် ကြေညာချက်တစ်ခု ထုတ်ခဲ့ပါသေးတယ်။ အဲ့ဒီထဲမှာ ကာကွယ်ရေးဝန်ကြီးက စစ်ဆင်ရေးတွေ ပြီးဆုံးသွားတဲ့အခါ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ “လက်ဘနွန်နိုင်ငံအတွင်းပိုင်းမှာ လုံခြုံရေးဇုန်တစ်ခု သတ်မှတ်ပြီး လီတာနီမြစ်အထိ နယ်မြေတစ်ခုလုံးကို လုံခြုံရေးအရ ဆက်လက်ထိန်းချုပ်ထားမယ်” လို့ ဆိုပါတယ်။ ဒါဟာ လက်ဘနွန်တစ်နိုင်ငံလုံး နယ်နိမိတ်ရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးကို သိမ်းပိုက်ထားမယ်ဆိုတဲ့ သဘောပါပဲ။
အဲဒီနယ်မြေထဲကနေ မြောက်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ လက်ဘနွန်ဒေသခံ ၆ သိန်းကျော်ကိုလည်း အစ္စရေးဘက်က “(အစ္စရေး) မြောက်ပိုင်းနေထိုင်သူတွေအတွက် လုံခြုံရေး အာမခံချက် မရမချင်း” လီတာနီမြစ်ရဲ့ တောင်ဘက်ပိုင်းကို ပြန်လာခွင့် “လုံးဝ ပိတ်ပင်ထားမယ်” လို့ ဆိုပါတယ်။ အဲဒီ လုံခြုံရေး အာမခံချက်ဆိုတာက ဘယ်လောက်အထိ ကြာမလဲဆိုတာကိုတော့ အစ္စရေး တာဝန်ရှိသူတွေက တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။
အစ္စရေးနဲ့ လက်ဘနွန်တောင်ပိုင်း သမိုင်းအကျဉ်း
အခု ဘာတွေဖြစ်နေတာလဲဆိုတာကို သေချာနားလည်ဖို့ ကျနော်တို့ နောက်ကြောင်း နည်းနည်း ပြန်လှည်ရအောင်ပါ။ ပြောရရင် လက်ဘနွန်တောင်ပိုင်းဟာ အစ္စရေးနိုင်ငံ စတင်တည်ထောင်ကတည်းက အစ္စရေးရဲ့ စစ်ရေးနဲ့ နယ်မြေချဲ့ထွင်လိုတဲ့ ရည်မှန်းချက်တွေရဲ့ ပစ်မှတ် ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
၁၉၄၈ ခုနှစ်မှာ အစ္စရေးက လွတ်လပ်ရေးကြေညာခဲ့တော့ လက်ဘနွန်ဟာ တခြားအာရပ်နိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး စစ်ကြေညာခဲ့ပါတယ်။ လက်ဘနွန်စစ်တပ်က ဂါလီလီ မြောက်ပိုင်းကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲအဆုံးသတ်မှာတော့ အစ္စရေးတပ်တွေက အာရပ်စစ်တပ်တွေကို ပြန်လည်တွန်းလှန်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းရဲ့ တစိတ်တပိုင်းကို ခေတ္တသိမ်းပိုက်ခဲ့ပါသေးတယ်။ ၁၉၄၉ မတ်လမှာချုပ်ဆိုတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ နိုင်ငံတကာနယ်စပ်မျဉ်းအထိ ပြန်လည်ဆုတ်ခွာပေးခဲ့တာ ဖြစ်ပါတယ်။
၁၉၇၈ ခုနှစ်မှာတော့ ပါလက်စတိုင်းလက်နက်ကိုင်တွေက တဲလ်အဗီးမြို့မှာ အစ္စရေးအရပ်သား ၃၈ ဦးကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ လက်ဘနွန်ကို ကျူးကျော်ခဲ့ပြီး အဲဒီစစ်ဆင်ရေးကို Operation Litani လို့ အမည်ပေးခဲ့ပါတယ်။ ဒီနာမည်ကို မြစ်နာမည်အတိုင်း တမင်ရည်ရွယ်ပြီး ပေးခဲ့တာပါ။ အဲဒီတုန်းက PLO (ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့) တိုက်ခိုက်ရေးသမားတွေကို လီတာနီမြစ်ရဲ့ မြောက်ဘက်အထိ တိုက်ထုတ်ခဲ့ပါတယ်။
တကယ်တော့ စစ်ဆင်ရေးနာမည်တွေကို ဒီအတိုင်း အမှတ်မထင် ပေးလေ့မရှိပါဘူး။ ဒီနာမည်ကို ရွေးချယ်လိုက်တာကတင် သူတို့ရဲ့ အဓိက ရည်မှန်းချက်က ဘာလဲဆိုတာကို ဒီမှာ မှန်းဆကြည့်လို့ရပါတယ်။
၁၉၈၂ ခုနှစ်မှာတော့ အစ္စရေးဟာ Operation Peace for Galilee လို့ အမည်ပေးထားတဲ့ အကြီးစား ကျူးကျော်စစ်ကို ဆင်နွှဲခဲ့ပါတယ်။ အဲဒီတုန်းက အစ္စရေးတပ်တွေဟာ လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်အထိတောင် ရောက်ရှိခဲ့တာပါ။ အဲဒီစစ်ပွဲအတွင်းမှာ လက်ဘနွန်၊ ပါလက်စတိုင်းနဲ့ ဆီးရီးယား အရပ်သားတွေနဲ့ တိုက်ခိုက်ရေးသမား စုစုပေါင်း ၁၇,၀၀၀ ကနေ ၁၉,၀၀၀ ကြား အထိ သေဆုံးခဲ့ရပါတယ်။ အစ္စရေးဟာ ဘေရွတ်မှာ သူတို့ကို ထောက်ခံမယ့် အစိုးရတစ်ရပ် တင်မြှောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ပြန်တော့ ထွက်မသွားခဲ့ပါဘူး။
၁၉၈၅ ခုနှစ်ရောက်တော့ အစ္စရေးဟာ နယ်စပ်တစ်လျှောက် သူတို့ဘာသာ သတ်မှတ်ထားတဲ့ လုံခြုံရေးဇုန် ထဲကို ဆုတ်ခွာခဲ့ပြီး နောက်ထပ် ၁၅ နှစ်ကြာအောင် လက်ဘနွန်တောင်ပိုင်းတပ်မတော် (SLA) ဆိုတဲ့ သူတို့ရဲ့ လက်ဝေခံ ပြည်သူ့စစ်အဖွဲ့နဲ့အတူ အဲဒီနယ်မြေကို ဆက်လက် ထိန်းချုပ်ထားခဲ့ပါတယ်။
အဲဒီလို ကျူးကျော်သိမ်းပိုက်ထားမှုကြောင့်ပဲ ဟစ်ဇ်ဘိုလာဆိုတာ ပေါ်ပေါက်လာခဲ့ရတာလို့ ဆိုရပါလိမ့်မယ်။ အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးရဲ့ စစ်ရေးအရ ကျူးကျော်မှုကို တွန်းလှန်ဖို့အတွက် ဒီအဖွဲ့ကို မတည်ပေးခဲ့တာ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေကြောင့် အစ္စရေးဟာ အဲဒီနယ်မြေမှာ ဆက်နေဖို့ ကုန်ကျစရိတ်တွေ အရမ်းများလာပြီး နောက်ဆုံး ၂၀၀၀ ပြည့်နှစ် မေလမှာ ဆုတ်ခွာသွားခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဟဇ်ဘိုလာက အောင်ပွဲခံခဲ့သလို လက်ဘနွန်မှာလည်း သူတို့အပေါ် လူကြိုက်များမှု လူထုထောက်ခံမှုက အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။
အဲ့ဒီကတည်းက အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ကြား ထိတွေ့မှုတွေ ခဏခဏရှိပေမဲ့ ပြောပလောက်တဲ့ အပြန်အလှန်ပစ်ခတ်မှုမျိုးတော့ မရှိခဲ့ပါဘူး။
ဒါပေမဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်အဖွဲ့က အစ္စရေးကို အကြီးအကျယ် ဝင်ရောက်တိုက်ခိုက်မှုအပြီးမှာ နောက်တကြိမ် ပြန်စပြန်ပါတယ်။
အစ္စရေးနိုင်ငံသား ၁,၂၀၀ ကျော် သေဆုံးခဲ့ပြီးတဲ့ နောက်တစ်နေ့မှာပဲ ဟစ်ဇ်ဘိုလာက လက်ဘနွန်ဘက်ကနေ ဒုတိယစစ်မျက်နှာကို ဖွင့်လိုက်ပါတယ်။ သူတို့ဟာ ပါလက်စတိုင်းတွေနဲ့အတူ “တစ်သားတည်းရှိကြောင်း” ပြသတဲ့အနေနဲ့ ရှီဘားလယ်ကွင်းပြင်နဲ့ ဂိုလန်ကုန်းမြင့်က အစ္စရေးစစ်စခန်းတွေကို ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဟစ်ဇ်ဘိုလာရဲ့ ထိပ်သီးနိုင်ငံရေးသမား ဟာဆန် ဖတ်ဒ်လာလာ က သူတို့ရဲ့ ရည်ရွယ်ချက်ကို အခုလို ပြောဖူးပါတယ်။ “တောင်ဘက်က စစ်ပွဲဟာ ဂါဇာအပေါ် ကျူးကျော်မှုနဲ့ ဆက်နွှယ်နေတာပါ။ အစ္စရေးက ဂါဇာကို တိုက်နေတာ ရပ်လိုက်တာနဲ့ ဒီစစ်မျက်နှာလည်း ရပ်သွားမှာပဲ။ ဘာလို့လဲဆိုတော့ ဒါဟာ ဝန်းရံကူညီပေးနေတဲ့ စစ်မျက်နှာမို့လို့ပါ” တဲ့။
ဒါကြောင့်လည်း အစ္စရေးဟာ တစ်ပြိုင်တည်းမှာ စစ်မျက်နှာနှစ်ခု ဖွင့်ပြီး တိုက်ခိုက်နေရတာပါ။ ၂၀၂၃ အောက်တိုဘာကနေ ၂၀၂၄ စက်တင်ဘာအထိ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုပေါင်း ၁၀,၂၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒီအတွက် အစ္စရေးမြောက်ပိုင်းက လူပေါင်း ၉၆,၀၀၀ နဲ့ လက်ဘနွန်တောင်ပိုင်းက လူပေါင်း ၁၁၁,၀၀၀ ကျော်ဟာ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာခဲ့ကြရပါတယ်။
၂၀၂၄ စက်တင်ဘာမှာတော့ အစ္စရေးက စစ်ရှိန်ကို အကြီးအကျယ် မြှင့်တင်လိုက်ပါတယ်။ ဟစ်ဇ်ဘိုလာ ကွန်ရက်တစ်ခုလုံးရဲ့ ပေဂျာ (Pagers) တွေကို ဖောက်ခွဲပစ်ခဲ့သလို၊ သူတို့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဟာဆန် နာဆာရားလား ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်ဘနွန်တောင်ပိုင်းကို မြေပြင်ကနေ ကျူးကျော်ဝင်ရောက်ခဲ့ဖို့ ကြိုးစားခဲ့ပါသေးတယ်။
၂၀၂၄ နိုဝင်ဘာမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြပေမဲ့ သဘောတူညီချက်အရ ဟစ်ဇ်ဘိုလာတွေဟာ လီတာနီမြစ်ရဲ့ တောင်ဘက်ပိုင်းမှာ လက်နက်စွန့်ရမှာဖြစ်ပေမဲ့ လိုက်နာခြင်း မရှိခဲ့ပါဘူး။
အဲ့ဒီကတည်းက လိပ်ခဲတည်းလည်းဖြစ်ခဲ့တဲ့ ဟဇ်စ်ဘိုလာနဲ့ အစ္စရေးကြားက အကြိတ်အခဲဟာ ခုနှစ် အမေရိကန်နဲ့ အစ္စရေးရဲ့ အီရန်စစ်ပွဲထဲ ပြန်ပါလာပြန်ပါတယ်။ ဒီတကြိမ်မှာတော့ အစ္စရေးက ရိုးရိုးတန်းတန်း လက်တုံ့ပြန်တာမျိုး မဟုတ်တော့ဘဲ နှစ်ပေါင်းများစွာကတည်းက သူတို့ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်ကြီးတစ်ခုကို စတင်အသက်သွင်းလိုက်တာကို မြင်လာရပါတယ်။
အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ဘာကြောင့် သိမ်းချင်တာလဲ
အစ္စရေးဘက်က တရားဝင်ထုတ်ပြောထားတဲ့ အကြောင်းပြချက်ကတော့ “လုံခြုံရေး” အတွက်လို့ ဆိုပါတယ်။ အစ္စရေးမြောက်ပိုင်းကို ဟစ်ဇ်ဘိုလာတွေ ဒုံးကျည်နဲ့ မပစ်နိုင်အောင် တားဆီးဖို့၊ ကြားခံနယ်မြေ (Buffer Zone) တစ်ခု တည်ဆောက်ဖို့နဲ့ နယ်စပ်နားက ခြိမ်းခြောက်မှုတွေ ဆက်မလုပ်နိုင်အောင် တားမြစ်ဖို့ပါ။
ပြောရရင် ဒါကလည်း အမှန်တဝက် ဝါဒဖြန့်ချိရေး တဝက်လို့ပြောရပါလိမ့်မယ်။ အစ္စရေး ထိပ်တန်းအရာရှိတစ်ဦးက Axios သတင်းဌာနကို ပြောတာကတော့ “ကျွန်တော်တို့ ဂါဇာမှာ လုပ်ခဲ့သလိုမျိုးပဲ ဒီမှာလည်း လုပ်သွားမှာပါ” တဲ့။ ဒါဟာ အဆက်မပြတ် ဗုံးကြဲတာတွေ၊ လူနေထိုင်မှု မရှိအောင် လုပ်တာတွေကတစ်ဆင့် နောက်နောင် တိုက်ခိုက်လို့မရအောင် ကြားခံနယ်မြေ ဖန်တီးမယ့်သဘောကို ရည်ညွှန်းတာပါ။ ဝန်ကြီးချုပ် နေတန်ယာဟု ကိုယ်တိုင်ကလည်း သူ့ရဲ့ ရည်မှန်းချက်ဟာ “မြောက်ပိုင်းက အခြေအနေကို အခြေခံကနေစပြီး ပြောင်းလဲပစ်ဖို့” လို့ ဆိုထားပါတယ်။
ဒါပေမဲ့ လုံခြုံရေး အကြောင်းပြချက်တစ်ခုတည်းနဲ့တော့ လီတာနီမြစ်အထိ ဘာလို့ သိမ်းချင်နေရတာလဲဆိုတာကိုတော့ ဖြေရှင်းချက်ကောင်းကောင်း မရှိပါဘူး။ တကယ်တော့ အစ္စရေးဟာ ဒီမြစ်ကို လုံခြုံရေးအရတင်မကဘဲ “မဟာဗျူဟာမြောက် ရတနာတစ်ခု” အဖြစ်ပါ မျက်စိကျနေတာ ကြာပါပြီ။ ရေရှားပါးတဲ့ ဒီဒေသမှာ လီတာနီမြစ်ဟာ အလွန်အရေးပါတဲ့ ရေအရင်းအမြစ်တစ်ခုပါ။ အဲဒီမြစ်ကတစ်ဆင့် ရေအားလျှပ်စစ်တွေ ထုတ်လို့ရသလို၊ မြစ်ဝှမ်းတစ်လျှောက်က မြေဆီလွှာတွေဟာလည်း စိုက်ပျိုးရေးအတွက် အလွန်ကောင်းမွန်တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
အရင်တုန်းက အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ကျူးကျော်သိမ်းပိုက်စဉ်ကလည်း အစ္စရေးဟာ လီတာနီမြစ်ထဲက ရေတွေကို မြေအောက်လှိုဏ်ဂူတွေကတစ်ဆင့် တိတ်တဆိတ် လွှဲပြောင်းယူနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အစ္စရေးဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။
၁၉၆၇ ခုနှစ် ခြောက်ရက်ကြာစစ်ပွဲတုန်းကလည်း အစ္စရေးဟာ အနောက်ဘက်ကမ်း (West Bank) ကို သိမ်းပိုက်ပြီးတာနဲ့ အဲဒီဒေသရဲ့ ရေအရင်းအမြစ်တွေကို ချက်ချင်း ထိန်းချုပ်ပစ်ခဲ့ပါတယ်။ အခု လက်ဘနွန်မှာ ဖြစ်နေတာကလည်း အဲဒီပုံစံအတိုင်းပဲ ပြန်ဖြစ်နေတာလို့ လေ့လာသူတွေက ထောက်ပြနေကြပါတယ်။
ဒါ့အပြင် ရေအရင်းအမြစ်တင်မကဘဲ တခြား မဟာဗျူဟာမြောက် ရည်ရွယ်ချက်တွေလည်း ရှိနေပါသေးတယ်။ နောင်တစ်ချိန်မှာ ဟစ်ဇ်ဘိုလာတွေ နယ်စပ်နားမှာ ပြန်ပြီး လက်နက်တပ်ဆင်လာမှာကို တားဆီးပေးနိုင်မဲ့ သဘာဝ အတားအဆီးတစ်ခုလည်း ဖြစ်သွားမှာဖြစ်သလို၊ လက်ဘနွန်ပိုင်နက်ထဲမှာ အစ္စရေးရဲ့ ရှေ့တန်းစစ်စခန်းတစ်ခုကို အမြဲတမ်း အခြေစိုက်ထားသလိုမျိုး ဖြစ်သွားမှာပါပဲ။
Greater Isreal အစီအစဉ်
၂၀၂၅ ခုနှစ် ဩဂုတ်လတုန်းက အစ္စရေးရုပ်သံအစီအစဉ်တစ်ခုမှာ ဝန်ကြီးချုပ် နေတန်ယာဟုကို “ဂရိတ်တား အစ္စရေး” (Greater Israel) ဆိုတဲ့ မျှော်မှန်းချက်ကို သူလက်ခံသလားလို့ သတင်းထောက်က မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ နေတန်ယာဟုက “လုံးဝလက်ခံပါတယ်” လို့ ဖြေခဲ့ပါတယ်။
ဒီပြောဆိုချက်ကြောင့် အာရပ်နဲ့ အစ္စလာမ်နိုင်ငံပေါင်း ၃၁ နိုင်ငံအပြင် အာရပ်အဖွဲ့ချုပ် (Arab League)၊ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) တို့ ပူးပေါင်းပြီး ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နေတန်ယာဟုရဲ့ စကားဟာ “နိုင်ငံတကာဥပဒေတွေကို အလေးမထားတာဖြစ်သလို၊ အာရပ်နိုင်ငံတွေရဲ့ လုံခြုံရေး၊ အချုပ်အခြာအာဏာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုပဲ” လို့ သူတို့က ဆိုပါတယ်။
‘ဂရိတ်တား အစ္စရေး’ ဆိုတာ ဘာလဲ
ဒီအယူအဆဟာ သမ္မာကျမ်းစာထဲက ကမ္ဘာဦးကျမ်းကို အခြေခံထားတာပါ။ အဲဒီမှာ ဘုရားသခင်က အာဗြဟံရဲ့ သားမြေးတွေကို “အီဂျစ်မြစ်ကနေ ဥဖရတ်မြစ်ကြီးအထိ” နယ်မြေတွေ ပေးသနားမယ်လို့ ကတိပြုထားတယ်လို့ ဆိုပါတယ်။ ဒါကို အဓိပ္ပါယ်ဖွင့်ကြတာကတော့ အခုလက်ရှိ အစ္စရေး၊ အနောက်ဘက်ကမ်း (West Bank)၊ ဂါဇာ၊ ဂိုလန်ကုန်းမြင့်တွေအပြင် လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်နိုင်ငံတွေရဲ့ အစိတ်အပိုင်းအတော်များများနဲ့ အီရတ်၊ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေရဲ့ အစိတ်အပိုင်းအချို့အထိ ပါဝင်နေပါတယ်။
ဒီအယူအဆက အစ္စရေးအတွက် ဘာသာရေး ယုံကြည်ချက်သက်သက်တင် မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်ပိုင်လက္ခဏာ တစ်ခုဖြစ်ပါတယ်။ နေတန်ယာဟုရဲ့ ပါတီဟာ သူတို့ရဲ့ ဝါဒကို Revisionist Zionism ဆိုတဲ့ အယူအဆကနေ တိုက်ရိုက်အမွေဆက်ခံခဲ့တာပါ။ အဲဒီဝါဒကို တည်ထောင်သူတွေက ဂျော်ဒန်မြစ်ရဲ့ ဝဲယာတစ်ဖက်တစ်ချက်စီက နယ်မြေအားလုံးဟာ ဂျူးလူမျိုးတွေအတွက် ဘုရားသခင်က ကတိပေးထားတဲ့ နယ်မြေတွေဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ကြသူတွေ ဖြစ်ပါတယ်။ ဒီအယူအဆဟာ ရာစုနှစ်တစ်ခုနီးပါး သက်တမ်းရှိနေပါပြီ။ နေတန်ယာဟုက ဒီ အမွေအနှစ်ကို ဆက်ပြီး သယ်ဆောင်လာတာပဲ ဖြစ်ပါတယ်။
အခုဆိုရင် အဲဒီအယူအဆကို လက်ဘနွန်မှာ လက်တွေ့အကောင်အထည်ဖော်နေတာကို မြင်တွေ့နေရပါပဲ။ ၂၀၂၆ မတ်လမှာ အစ္စရေး ဘဏ္ဍာရေးဝန်ကြီး စမော့ထရစ်က “အစ္စရေးရဲ့ နယ်စပ်အသစ်ဟာ လီတာနီမြစ် (Litani) ပဲ ဖြစ်ရမယ်” လို့ အတိအလင်း ပြောခဲ့ဖူးပါတယ်။
အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက် ဟပ်ကာဘီကို အစ္စရေးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသအတော်များများကို သိမ်းပိုက်သင့်သလားလို့ သတင်းထောက်က မေးမြန်းခဲ့ရာမှာ သူက “အကုန်လုံးကို သိမ်းလိုက်ရင်တောင် အဆင်ပြေပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ထရမ့်အစိုးရအနေနဲ့ ဒီပြောဆိုချက်အပေါ် တစ်စုံတစ်ရာ ကန့်ကွက်တာမျိုး မရှခဲ့ပါဘူး။
နိုင်ငံတကာက ဘာပြောလဲ
လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက ကျူးကျော်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အသံမထွက်ပါဘူး။
နေတန်ယာဟုလုပ်သမျှ အားလုံးနီးပါး ထောက်ခံတဲ့ ဒေါ်နယ်ထရမ့်က ဒီကိစ္စအပေါ် တရားဝင်ထုတ်ပြောတာမျိုး မရှိပေမဲ့ ထောက်ခံတယ်လို့ပဲ မှတ်ယူရမှာပါ။
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင် အင်ဒိုနီးရှား ၃ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာတောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမေရိကန်ကိုယ်စားလှယ်က အစ္စရေးရဲ့ လုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့ပြီး ကမ္ဘာကြီးအနေနဲ့ ဒီကိစ္စကို “ခေတ္တဆိုင်းငံ့ထားပြီး ဝေဖန်မှုတွေကို ထိန်းသိမ်းထားဖို့” တောင်းဆိုခဲ့ပါတယ်။ ဒါတင်မကဘဲ လုံခြုံရေးကောင်စီရဲ့ ဘယ်လို အရေးယူဆောင်ရွက်မှုမျိုးကိုမဆို အမေရိကန်က ပိတ်ဆို့ထားခဲ့ပါတယ်။
၁၉၇၈ ခုနှစ်ကတည်းက လက်ဘနွန်တောင်ပိုင်းမှာ ကြားခံနယ်မြေကို ထိန်းသိမ်းပေးခဲ့တဲ့ UNIFIL (ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့) ကိုလည်း လုံးဝ ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဖိအားကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁၀,၈၀၀ ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လက်ဘနွန်ကနေ ထွက်ခွာဖို့ အမိန့်ပေးထားပါတယ်။ သူတို့သာ ထွက်သွားခဲ့ရင် မြေပြင်မှာ ဘယ်လို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူမှ ရှိတော့မှာ မဟုတ်ပါဘူး။
ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
အနာဂတ်ကို ပြောဖို့ အတိတ်ကို တချက်ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်။
အစ္စရေးရဲ့ နောက်ဆုံးအကြိမ် လက်ဘနွန်တောင်ပိုင်း ကျူးကျော်မှုဟာ ၁၈ နှစ်ကြာမြင့်ခဲ့ပါတယ်။ အဲဒီတုန်းက စစ်ပွဲဟာ သံတမန်နည်းလမ်းတွေ ဒါမှမဟုတ် နိုင်ငံတကာဖိအားတွေကြောင့် ပြီးဆုံးသွားခဲ့တာ မဟုတ်ပါဘူး။ ဟစ်ဇ်ဘိုလာရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေကြောင့် အစ္စရေးဘက်က ဆက်နေဖို့ ကုန်ကျစရိတ်တွေ မခံမရပ်နိုင်အောင် များပြားလာခဲ့လို့သာ အဆုံးသတ်ခဲ့တာပါ။
နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) ကတော့ အခုလို အစ္စရေးတပ်တွေ လက်ဘနွန်ထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ဝင်လာတာဟာ ဟစ်ဇ်ဘိုလာတွေ အကြိုက်တွေ့မယ့် ပြောက်ကျားစစ်ဆင်ရေး နယ်မြေထဲကို ခြေစုံပစ်ဝင်လာတာပဲလို့ သတိပေးထားကြပါတယ်။ ၂၀၀၀ ပြည့်နှစ်က အမှားမျိုး အစ္စရေးက နောက်တကြိမ် ထပ်မှားနိုင်တယ်ဆိုတာပါပဲ။
ဒါပေမဲ့ ၂၀၀၀ ခုနှစ်တွေနဲ့ မတူတာလည်း ရှိပါတယ်။ အဲ့ဒါက အီရန်ဟာ အရင်အီရန် မဟုတ်တော့ဘဲ အင်အားချိနဲ့နေတဲ့အချိန်ကို ရောက်နေတယ်ဆိုတယ်ပါပဲ။ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားရမှာပါဖြစ်ပါတယ်ခင်ဗျား။


