မာဒရိမှာ မီးပြတ်ခြင်း
စပိန်နိုင်ငံသားတွေကတော့ ဘားဆိုင်မှာ ဘီယာနဲ့အာလူးကြော် ရှိရင် ရပြီ။ အေးဆေးမှ တကယ့်အေးဆေးပဲ။ ပြုံးလို့ပျော်လို့၊ ကျုပ်တို့မှာသာ အပူမျက်နှာတွေနဲ့။
မနေ့က မာဒရိမြို့မှာ လူ သိန်းသန်းချီပြီး လမ်းပေါ်ထွက် လမ်းလျှောက်ကြတယ်။
ဘတ်စ်ကားတွေ မြေအောက်ရထားတွေ အကုန် ရပ်သွားတာကြောင့်ပါ။ လေဆိပ်မှာဆို လူတန်းရှည်ကြီးက ရာထောင်ချီမယ်။ မြို့ထဲတော့ မီးပွိုင့်တွေ အားလုံးရပ်၊ လူတွေ အကုန် လမ်းလျှောက်ကြတယ်။ မြေအောက်ရထားတွေလည်း သွားနေရင်း ရပ်ကုန်တော့ လူတွေ ရထားလိုဏ်ခေါင်းတွေထဲကနေ ဖုန်းမီးတွေနဲ့ လမ်းလျှောက်ထွက်ကြတယ်။
စပိန်နဲ့ပေါ်တူဂီ နှစ်နိုင်ငံမှာ မီးပြတ်သွားတာပါ။ နေ့လယ် ၁၂ နာရီခွဲကြီးဆိုတော့ အားလုံး အလုပ်ရှုပ်နေကြချိန်ပေါ့။ ပေးနေတဲ့ လျှပ်စစ်မီးရဲ့ ၆၀ ရာခိုင်နှုန်း ရုတ်တရက်ပျောက်သွားတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။
သတင်းတွေတော့ အမျိုးမျိုးပါပဲ၊ တချို့ကလည်း ဆိုက်ဘာ တိုက်ခိုက်မှုလို့ပြောရဲ့၊ ပေါ်တူဂီအစိုးရကတော့ ဒါဟာ စပိန်ကစတယ်၊ ရာသီဥတုအပြောင်းအလဲလို့လည်း ဆိုရဲ့။
ခုထိ အဖြေရှာကြတုန်းပဲ။ မာဒရိမြို့ထဲကို ဆူးလေလို့ တွေးရင် ရွှေပြည်သာ၊ လှိုင်သာယာလောက် ခရီးကို ခြေလျင် လျှောက်ကြတာ။ လူသိန်းချီပေါ့။ မာဒရိမြို့က ရန်ကုန်နဲ့ လူဦးရေ သိပ်မကွာဘူး။ ၇ သန်း ဝန်းကျင်ရှိတယ်။
မီးပြတ်တယ်ဆိုတော့ ရုတ်တရက် မသိစိတ်က တခုခု လိုနေသလိုပဲ၊ စဉ်းစားကြည့်မှ မီးစက်သံမကြားရတာ။ သူတို့ဆီ မီးစက်မှ မရှိကြတာကိုး။ ဆေးရုံတချို့နဲ့ စူပါမားကက် တချို့ကလွဲရင် တနိုင်ငံလုံးရှိသမျှ လုပ်ငန်း အားလုံး ရပ်သွားတယ်လေ။
အေတီအမ်စက်တွေ ကတ်နဲ့ငွေပေးချေတာတွေ အကုန်ထိုးရပ်သွားပါတယ်။ ငွေသား လက်ဝယ် မရှိကြတော့ ဝယ်ခြမ်းဖို့ ခက်ကုန်တယ်။
နေ့လယ် ၁ ချက်တီး ၂ ချက်တီးလောက်ထိ ပြဿနာမရှိပေမဲ့ ၃ နာရီလောက်ကျတော့ လူက စိတ်ပူလာပြီ၊ နောက်နေ့တွေ မီးမလာရင် ထမင်းဘယ်လိုစားမလဲ။ ဝယ်စားလို့ မရဘူး၊ လုံခြုံရေးကြောင့် ရှိသမျှဆိုင် အကုန်ပိတ်သွားတယ်။ ရွှေဆိုင်တွေ နာရီဆိုင်တွေဆို တံခါးတွေပိတ်ပြီး လုံခြုံရေးတွေ စောင့်ကြတယ်။
ဒါနဲ့ ကိုယ့်ရပ်ကွက်ထဲကနေ ထွက်ပြီး တခြားရပ်ကွက်ဖက်တွေ ပတ်ပြီး ဆိုင်တခုတလေများ ဖွင့်လေမလား ရှာကြည့်ရတယ်။ ဝယ်နေကျ ပါကီဆိုင်မှာ အစိမ်းစားလို့ရတဲ့ အသီးအနှံတွေ ဝယ်၊ လက်ထဲမှာ ငွေသားရှိနေလို့ တော်ကာကျတယ်။ မဟုတ်ရင် ငတ်မဲ့ကိန်းပါပဲ။ ဘယ်ဆိုင်မှ ကတ်နဲ့ပေးလို့ မရ။
ည ၇ နာရီ ၈ နာရီလောက်ကျတော့ ချစ်ရသူကလည်း စိတ်ပူလာပြီ။ လမ်းမကြီးတွေပေါ်မှာဆို လူတွေ ဟိုနားစုစု၊ ဒီနားစုစု၊ ရေဒီယို နားထောင်ကြတာ။ ဖုန်းလိုင်း တခုမှ မရ၊ အင်တာနက်လည်း မရှိတော့ဘူးလေ။ ဆိုတော့ သတင်းသိနိုင်တာ ရေဒီယိုတမျိုးပဲ ရှိတော့တာပေါ့။
တရုတ်ကုန်စုံဆိုင်တခု တွေ့တာနဲ့ ဝင်ချသွားတော့ တိုးတိုးကြိတ်ကြိတ် စည်ကားနေတာပဲ။ မှောင်မှောင်မည်းမည်း ဆိုင်ထဲမှာ ဖုန်းမီးတွေထွန်းရင်း ဖယောင်းတိုင် လုဝယ်နေကြတာပါ။ ဖယောင်းတိုင်ကလည်း တရုတ်ဆိုင်မှာပဲ ရတာကိုး။ အယ်အီးဒီ မီးလုံးလေးတွေရော အစုံပဲ။
ကျနော်တို့လည်း ဖယောင်းတိုင်တွေ ဝယ်ရတယ်၊ သယ်သွားလို့ရတဲ့ ဂက်စ်မီးဖိုလေးရှာကြည့်သေးတယ်၊ မရှိ။ နောက်နေ့တွေ ထမင်းငတ်ရင် ဘယ်လိုလုပ်မလဲပဲ စိတ်က ပူနေရတယ်။
ချစ်ရသူကတော့ စီစဉ်တယ်၊ ပါကီဆိုင်က ဝယ်ထားတဲ့ မုန်လာဥနီနဲ့ ဆလပ်ရွက်နဲ့ သုပ်ပြီး သံလွင်ဆီ ဆမ်းစားမယ်တဲ့။ သခွားသီးတွေလည်း ဝယ်လာသေးတယ်။ သူကတော့ အတော်စေ့စပ်တာပဲ။ တရုတ်ဆိုင်မှာ ဖယောင်းတိုင်ဝယ်ဖို့လည်း သူပဲ စိတ်ကူးရတာ။ ကျနော်က အတော်ပျာနေပြီ။
ရပ်ကွက်တွေ လှည့်ပတ်တော့ စပိန်နိုင်ငံသားအများစုက လမ်းပေါ်မှာ၊ ဘားတွေမှာ ဘီယာလေးသောက် အာလူးကြော်လေးစားပြီး ခပ်အေးအေးပဲ။ ပျာယာခတ်နေတဲ့ အများစုကိုကြည့်လိုက်ရင် တောင် အမေရိကဘက်ကလူတွေ များတယ်။ လာတီနိုတွေပေါ့။ ဗင်နီဇွဲလားတို့၊ အာဂျင်တီးနားတို့ ကိုလံဘီယာတို့ ပြီးတော့ ကျုပ်တို့ စုံတွဲပေါ့။
ရုတ်တရက် စိတ်ထဲပေါ်လာတာက ကျုပ်တို့ရဲ့ မွေးရာပါ သဘာဝစိတ်နဲ့ အရေးပေါ်အခြေအနေတွေကို တုန့်ပြန်ပုံပါပဲ။ ကျုပ်တို့ အရှေ့တောင်အာရှသားတွေစိတ်ထဲ အရေးပေါ် အခြေအနေဆိုတာ မွေးကတည်းက ပါလာပုံ ရတယ်၊ လာတီနိုတွေလည်း ထိုနည်းနှင်နှင်ပဲ။
စစ် အာဏာသိမ်းတာ၊ မိုးခေါင်ရေရှားတာ၊ မီးလောင်၊ ရေကြီး၊ သူပုန်စီး စတဲ့ ရန်သူမျိုး ငါးပါးကို ကျုပ်တို့က ချက်ချင်း တုန့်ပြန်ကြတာမျိုး မဟုတ်လား။
နောက်တခုကတော့ အစိုးရအပေါ် ယုံကြည်မှုပါပဲ။ တနိုင်ငံလုံး မီးပြတ်နေတာမှာ စပိန်နိုင်ငံသားတွေ အေးအေးလူလူ ဖြစ်နေပုံကိုကြည့်ပြီး အတော် မရိုးမရွဖြစ်မိတယ်။ ကျနော်တို့နှစ်ယောက်မှာတော့ ဒီလူတွေကွာ... နောက်နေ့များ စားစရာမရှိရင် ဘယ်လိုလုပ်ကြမလဲပဲ တွေးနေမိတာ။
အင်တာနက်လည်း မရှိတော့ သတင်းက ဘယ်ကမှ မရဘူး။ ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်တောင်ပိုင်းမှာ မီးပြတ်သွားတယ်ဆိုတာပဲ သိရတယ်။ ဘေးအိမ်က ‘အယ် ဆာဗာဒေါ’ နိုင်ငံသားဆိုရင် နောက်နေ့ အလုပ်မသွားရရင် ဒုက္ခပဲဆိုပြီး စိတ်ညစ်နေတာ တွေ့တယ်။
လာတီနိုတွေနဲ့ ကျုပ်တို့က တွေးခေါ်ပုံချင်း ခပ်ဆင်ဆင်ပဲ။ ကိုယ့်ပြဿနာပဲ ကိုယ်တွေးတာ၊ နောက်နေ့ စားစရာမရှိရင် ဘယ်လိုလုပ်မလဲပဲ အရင်တွေးကြတာမျိုး။ အစိုးရက ပြန်လုပ်ပေးလိမ့်မယ်လို့ မတွေးကြ၊ ဒါက ပြည်သူတွေရဲ့ ပြဿနာမဟုတ်ဘူး၊ အစိုးရ ဖြေရှင်းရမဲ့ ပြဿနာလို့ မတွေးမိကြဘူး။
စပိန်နိုင်ငံသားတွေကတော့ ဘားဆိုင်မှာ ဘီယာနဲ့အာလူးကြော် ရှိရင် ရပြီ။ အေးဆေးမှ တကယ့်အေးဆေးပဲ။ ပြုံးလို့ပျော်လို့၊ ကျုပ်တို့မှာသာ အပူမျက်နှာတွေနဲ့။
ဖယောင်တိုင်မီးကလေးနဲ့ နှစ်ယောက်သား ထိုင် စကားပြောနေတုန်း ဗြုန်းဆို ည ၁၀ နာရီခွဲလောက်မှာ မီးပြန်လာတယ်။ ‘တဟေးဟေး တဝါးဝါး’ အော်လိုက်ကြတယ်ဆိုတာ။ လက်ခုပ်တွေ တီးကြ၊ ပျော်ကြပေါ့။
မင်းတို့ကွာ... ငါတို့နိုင်ငံမှာဆို ဒါမျိုး နေ့တိုင်းအော်ရမှာလို့တောင် တွေးမိသေး။