ဦးဦးလှစော
ဦးဦးလှစောရဲ့ နိုင်ငံရေးအမြင်နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ နိုင်ငံရေးအမြင်၊ ဘယ်သူက ဘယ်သူ့အပေါ် လွှမ်းမိုးမှုရှိသလဲ၊ ရှိခဲ့လေသလဲ။
ဆရာနဲ့ ပထမဆုံး တွေ့တာ ၂၀၁၁ ခုနှစ်၊ ၃၈ လမ်းက သတင်းစာတိုက်မှာ။ စာမူတွေ တပွေ့တပိုက်နဲ့ သတင်းစာတိုက်ကို ရောက်လာလေ့ရှိတယ်။ အဲ့ဒီတုန်းက သတင်းထောက်ဖြစ်စ၊ မီးလောင် ရေကြီး သူပုန်စီး သတင်းတိုထွာပဲ ရေးရတော့ နိုင်ငံရေးသမားတွေကို အင်တာဗျူး မလုပ်ရသေး။
နောက်တော့မှ ရခိုင်သတင်းရေးရင် သူ့ကို အမြဲတမ်းနီးပါး ဖုန်းဆက်မေးရတယ်။ ဦးဦးလှစော။ ‘ဦး’ နှစ်လုံးဆင့်ပါနေလို့ ရုံးက စာတည်းတွေ ခဏခဏ မေးကြတဲ့နာမည်။ ပထမ ဦး က ဦး-ဒေါ် တပ်ခေါ်တာ ဖြစ်ပြီး ဒုတိယ ဦး က နာမည်မှာ Default ပါတာ။ နာမည်ကို ကြားရုံနဲ့ သားဦး သမီးဦး လို့သိနိုင်တဲ့ ရခိုင် နာမည်။ အင်္ဂလိပ်လိုရေးတော့ U Oo Hla Saw.
လွှတ်တော်အမတ်တွေထဲ လူသိများသူဆိုတာ လွှတ်တော်ထဲမှာ မေးခွန်းမေးလွန်းလို့ ဒါမှမဟုတ် မီဒီယာမှာ ပါလေ့ရှိတာကြောင့်မို့လို့ တခုမဟုတ် တခု ဖြစ်လေ့ရှိပါတယ်။ ဦးဦးလှစောက လွှတ်တော်အမတ် မဖြစ်ခင်ကတည်းက မီဒီယာမှာ လူသိများနေပါပြီ။ သတင်းထောက်တွေနဲ့ အင်မတန် အကြောတည့်သူမို့လို့ပါ။
၂၀၁၅ ရွေးကောက်ပွဲမှာ မြောက်ဦးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်တဲ့အကြောင်း သတင်းရေးတော့ မှတ်မှတ်ရရ သတိထားမိတာ တခုရှိပါတယ်။ ရွေးကောက်ပွဲ မူဝါဒနဲ့ ပတ်သက်လို့ပါ။
ဦးဦးလှစောရဲ့ မူဝါဒ ၅ ချက်ထဲမှာ ဘာပါသလဲဆိုတော့ ‘မြောက်ဦး နယ်ဒေသကို နိုင်ငံတကာ အသိအမှတ်ပြုသည့် ယဉ်ကျေးမှုဇုန်ကြီးတစ်ခု တရားဝင် ပေါ်ထွန်းလာရေး’ နဲ့ ‘အနိုင်ကျင့်ဗိုလ်ကျသည့် အရာရှိ ဗျိုရိုကရက်ဆိုးများ ကင်းစင်ရေး’ ဆိုတာ ပါပါတယ်။
ကျန်တဲ့အချက်တွေက ခေတ်ပညာတတ်လူငယ်များ ပေါ်ထွန်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့ ဖြစ်ပါတယ်။
ရွေးကောက်ပွဲနိုင်ပြီး လွှတ်တော်အမတ် ဖြစ်လာခဲ့ပေမဲ့ ဦးဦးလှစောရဲ့ မူဝါဒတွေကတော့ တကယ်အလုပ်မဖြစ်ခဲ့ပါဘူး။ အလုပ်ဖြစ်အောင် လုပ်ခွင့်မရခဲ့ဘူးလို့လည်း ဆိုနိုင်မယ်။
အဲ့ဒီတုန်းက လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် လက်ထက် ကိုဖီအာနန် ကော်မရှင်ကို လွှတ်တော်ထဲမှာ ဦးဦးလှစောရဲ့ ကန့်ကွက်မှုက အုံးအုံးကြွက်ကြွက် ဖြစ်ခဲ့ဖူးပါတယ်။ စကားပြောတာ အနှောက်အယှက်ဖြစ်လို့ ဖြတ်မပြောပါနဲ့ဆိုပြီး လွှတ်တော်ဥက္ကဋ္ဌကို ပြန်ပြောခဲ့တာ မှတ်မှတ်ရရ ရှိပါတယ်။
ပြီးတော့ ရခိုင်အရေးကို ပြောရင် နိုင်ငံရေးသမားတွေ အမြဲရှောင်လေ့ရှိတဲ့ ထိလွယ်ရှလွယ်ဖြစ်လွန်းတဲ့ အစ္စလာမ်မိုက်ဇေးရှင်း ဆိုတဲ့ စကားလုံးကို လွှတ်တော်ထဲမှာ ဦးဦးလှစောက ထည့်သုံးဖူးတယ်။ ဦးဦးလှစောရဲ့ ရခိုင်အရေးအပေါ်ရှုမြင်ပုံကို အဲ့ဒီကနေ မြင်ရပါတယ်။
ရခိုင်တပြည်နယ်လုံးအတိုင်းအတာနဲ့ ပြောရရင် ၂၀၁၀ နဲ့ ၂၀၁၅ မှာ ရခိုင်နိုင်ငံရေးသမားတွေ လွှတ်တော်ထဲဝင်ပြီး ရခိုင်လူထုနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခဲ့တာက ထင်သလောက် ခရီးမပေါက်ခဲ့ဘူးလို့ ဆိုရမယ်။
၂၀၁၉ ပန်ဆန်းမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ကျနော် အင်တာဗျူးတော့ ဒီအကြောင်းကို ထည့်ပြောပါတယ်။ အဲ့ဒါက ရခိုင်နိုင်ငံရေးသမားတွေဟာ လွှတ်တော်လမ်းကြောင်းကနေ ရခိုင်ပြည်နယ်အရေး လုပ်ခဲ့ကြပြီးပြီ။ ဘာမှ ဖြစ်မလာဘူးဆိုတာပါ။
နေပြည်တော်က စည်ပင်ဝင်းကို သွားတိုင်း ဦးဦးလှစောကို ဝင်နှုတ်ဆက်ရပါတယ်၊ ရန်ကုန်မှာဆို ဆင်ရေတွင်းမှတ်တိုင်က ဆိုင်တဆိုင်မှာ အမြဲထိုင်တတ်တယ်။ တခါသား ကမ္ဘာအေးဘုရားလမ်းပေါ် စက်ဘီးစီးနေရင်း ကန်ဘောင်ပေါ် လမ်းလျှောက်နေတဲ့ ဆရာ့ကို မြင်တာနဲ့ လှမ်းနှုတ်ဆက်တော့ “ဟေ့ကောင် ငါနဲ့လိုက်ခဲ့ကွာ” လို့ ခေါ်တာနဲ့ ဆင်ရေတွင်းက ဆိုင်ကို လမ်းလျှောက်ကြတယ်။
အဲ့ဒါ ၂၀၁၈ ခုနှစ်။ RNDP - ALD အကွဲအပြဲနဲ့ ရခိုင်အရေးကို နိုင်ငံတကာက အကြီးအကျယ်အာရုံစိုက်နေချိန်ပေါ့။ နိုင်ငံရေးကို စိတ်ကုန်နေတဲ့အကြောင်း အများဆုံးပြောတယ်။ အဲ့တုန်းက မိုးတွေသည်းကြီးမည်းကြီး ရွာနေတာ မှတ်မိတယ်။ “မင်း နိုင်ငံရေးအကြောင်း ပြောလွန်းတယ်ကွာ” ဆိုပြီး ‘ကော’ တာနဲ့ တခြား ထွေရာလေးပါးပဲ ဆက်ပြောရတယ်။
၂၀၂၁ အာဏာသိမ်းတော့ ရခိုင်ပြည်နယ်က ရဲရဲတောက်နိုင်ငံရေးသမားတချို့နဲ့ လူမှုကူညီရေးသမားတချို့ စစ်ကောင်စီရဲ့ ရာထူးတွေပြေးယူကြတယ်။ ကျနော် ပထမဆုံး သတိရမိတာက ဆရာ ဦးဦးလှစော။ ပြီးတော့ ရခိုင်နိုင်ငံရေးသမားတွေထဲ အားထားရတဲ့ ဒေါ်ထုမေ။
နောက်မှကြားရတာက အေအေ ထိန်းချုပ်နယ်မြေထဲရောက်နေပြီ၊ ပြီးတော့ နိုင်ငံရေးမှူးလုပ်နေတယ် ကြားရတယ်။ ဦးဖေသန်းကို သတင်းတွေမှာ တွေ့ပေမဲ့ ဦးဦးလှစောကို သတင်းတွေမှာ မတွေ့ရ။ တွေ့မယ်တွေ့တော့ စစ်ကောင်စီ ကျင်းပတဲ့ ပြည်ထောင်စုနေ့၊ အေအေ ကိုယ်စားလှယ်အနေနဲ့ တက်လာတာ တွေ့ရတယ်။
အဲ့ဒီတော့မှ ဦးဦးလှစောက အေအေအတွက် နိုင်ငံရေး မဟာဗျူဟာသမားပါလားလို့ သဘောပေါက်ရပါတယ်။
ဦးဦးလှစောရဲ့ နိုင်ငံရေးအမြင်နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ နိုင်ငံရေးအမြင်၊ ဘယ်သူက ဘယ်သူ့အပေါ် လွှမ်းမိုးမှုရှိသလဲ၊ ရှိခဲ့သလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။
တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးလုပ်လာခဲ့တဲ့ ဦးဦးလှစောဟာ ပါတီနိုင်ငံရေး၊ အဲ့ဒီကနေ လွှတ်တော်နိုင်ငံရေးနဲ့ မြေပေါ်နိုင်ငံရေးကို လုပ်ခဲ့သူ။ ဦးဦးလှစော ဆုံးပါးသွားတာဟာ ရခိုင်လူထုအတွက် ဆုံးရှုံးမှုကြီးပါတယ်။ ရခိုင်နိုင်ငံရေးသမားထဲမှာ ရပ်တည်ချက် ခိုင်မာသူ၊ လူထုကို မျက်နှာမူသူ ရှား ပါတယ်။
၂၀၁၅ တုန်းက ဦးဦးလှစောရဲ့ ရခိုင်လူထုအတွက် အရေးပါတဲ့ မူဝါဒတွေကို လွှတ်တော်သက်တမ်းအတွင်းမှာ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အေအေဟာ ခုချိန်မှာ ဦးဦးလှစောရဲ့မူဝါဒတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။
မူဝါဒ ၅ ချက်ထဲက မှတ်မှတ်ရရရှိနေတဲ့ ‘အနိုင်ကျင့်ဗိုလ်ကျသည့် အရာရှိ ဗျိုရိုကရက်ဆိုးများ ကင်းစင်ရေး’ ဆိုတာကို အေအေအနေနဲ့ ရခိုင်လူထုအတွက် အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆရာ ဦးဦးလှစောကို အောက်မေ့သတိရရင်း ဆန္ဒပြုပါတယ်။
ဆရာ ဦးဦးလှစော ကောင်းရာသုဂတိ ရောက်ပါစေ။