အငြင်းပွားဖွယ် သတ်ဖြတ်ခံရမှု ၂ ခု
ဖြစ်ရပ် ၂ ခုလုံးမှာ ပါဝင်တဲ့ သီးခြား အဖွဲ့တွေဟာ ဘယ်အဖွဲ့အစည်းအောက်မှာ အလုပ်လုပ်ကြသလဲဆိုတာ ကွဲကွဲပြားပြား မသိရပါ။
ကြို့ပင်ကောက်က အဖွဲ့ GBK PDF ဆိုတာကတော့ သူတို့ ထုတ်ပြန်ချက်ကို ဖျက်သွားပါပြီ။ မဖျက်ခင် ကွန်မန့်ထဲမှာ မန့်သွားတာတွေလည်း ရှိတယ်။ နာမည်ကသာ PDF လို့ တပ်ထားပေမဲ့ မြေအောက်အဖွဲ့တခုလို့ပဲ နားလည်ရပါတယ်။
ဒလန်ဖြစ်တယ်၊ ဒလန် လုပ်နေတယ်၊ ပျူဖြစ်နေတယ်၊ ပျူလုပ်နေတယ်ဆိုတဲ့ ဓာတ်ပုံ၊ ဖြစ်ရပ် စသဖြင့် သက်သေ တခုမှ ပြနိုင်တာ မတွေ့ရပါ။ သူတို့ ပြတာက မက်ဆင်ဂျာထဲမှာ တယောက်ယောက်က လာပြောထားတဲ့ မက်ဆေ့တွေပဲ ရှိတယ်။
နောက်တခုက သူတို့က ဒလန် ပျူ ခေါင်းစဉ်တပ်ပြီး သတ်ခဲ့ပေမဲ့ နာမည်က သူတို့ ထုတ်ပြန်ချက်ထဲကလို မဟုတ်ဘူးလို့ သတ်ဖြတ်ခံရသူရဲ့ အမျိုးသားက ရေးထားပါတယ်။
နာမည်အရင်းက ‘ခင်သီရိလွင်’ ဖြစ်ပေမဲ့ GBK PDF ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ‘သီရိစံ’ လို့ ရေးထားပါတယ်။
GBK PDF ရဲ့ ဖျက်လိုက်ပြီဖြစ်တဲ့ ထုတ်ပြန်ချက်ထဲမှာ ‘ပဲ စပါးများအား အလွဲသုံးစားလုပ်၍ စစ်ကောင်စီနှင့်ပေါင်းကာ’ လို့ ရေးထားပါတယ်။
ဒါပေမဲ့ သတ်ဖြတ်ခံရသူရဲ့ အမျိုးသား ကိုလင်းကတော့ “နန်းဝတီရွှေဆိုင် လုပ်ငန်းကလွဲလို့ တစ်ခြားမင်းတို့ပြောတဲ့ ပဲစပါးဘာညာဆိုတာ တစ် တင်း တစ်တောင်း မရှိပါဘူး” ဆိုပြီး ပြန်ရှင်းထားတာ တွေ့တယ်။
ဘေးပတ်ဝန်းကျင်မှာနေထိုင်သူတွေ ပြောတာကလည်း ဒီမိသားစုမှာ ရွှေဆိုင်လုပ်ငန်းတခုပဲ ရှိတယ်လို့ ပြောကြပါတယ်။
GBK PDF က ထုတ်ပြန်ချက်ကိုတော့ ပြန်ဖြုတ်သွားပြီ။ GBK PDF ကိုယ့်ဘာသာ သီးသန့်လှုပ်ရှားနေတဲ့အဖွဲ့လား၊ အဖွဲ့အစည်းတခုခု အောက်ကလားဆိုတာ ကွဲကွဲပြားပြား မသိရပါဘူး။
သတ်ဖြတ်ခံရတဲ့ အမျိုးသမီး မိသားစုဟာ ဒီရက်ထဲမှာ ရှင်ပြု နားသပွဲလုပ်ဖို့ ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။
နောက်တခုကတော့….
မကွေးပြောက်ကျားတပ်ဖွဲ့ Magway Guerrilla Warfare, နဂါးမင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တောင်တွင်းကြီး Dragon King People’s Defence Force နဲ့ Taungdwingyi Fighter Force တို့ ပေါင်းလုပ်တယ်ဆိုတဲ့ ညာတောကျေးရွာ ‘အုပ်ချုပ်ရေးမှူးဟောင်း’ ဦးအောင်လွင် သတ်ဖြတ်ခံရမှုပါ။
သတင်းဌာနတချို့မှာလည်း ဒီအကြောင်း ပါပါတယ်။
Taungdwingyi Fighter Force ရဲ့ ထုတ်ပြန်ချက်အရတော့ သတ်ဖြတ်ခံရတဲ့ ဦးအောင်လွင် ဟာ “ထွေအုပ်စာရေးကျော်သူ၏ ဦးလေးတော်စပ်ပြီး စစ်မှုထမ်းကြေးများ ကောက်ခံရာတွင် အဓိက ချုပ်ကိုင်သူဖြစ်ခြင်း၊ သန်းခေါင်စာရင်းကောက်ခံရာတွင် ပူးပေါင်းပါဝင်ခြင်းနှင့် အကြမ်းဖက် စစ်ကောင်စီ၏ ဒေါက်တိုင်ဖြစ်ခြင်း” ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။
ခု သတ်ဖြတ်မှု ဖြစ်ခဲ့တဲ့ ရွာက တောင်တွင်းကြီးမြို့ရဲ့ တောင်ဘက် ညာတောရွာဖြစ်ပြီး မြို့ပေါ်ကနေ ကား ဆိုင်ကယ်တွေနဲ့သွားရင် လမ်းကြမ်းတာကြောင့် ၂ နာရီခွဲကျော်လောက်ကြာတဲ့နေရာမှာ ရှိတာပါ။
သတ်ဖြတ်ခံရသူရဲ့ မိသားစုနဲ့ နီးစပ်သူ တဦးကို ကျနော် မေးမြန်းထားပါတယ်။
ဦးအောင်လွင်ဟာ အရင် အန်အယ်ဒီ လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီးတော့ “စီးပွားရေးက ကားမောင်းတာတစ်ခုတည်းပါ၊ တခါတလေ ကားအရောင်းအဝယ်လေးလုပ်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဘာအဖွဲ့အစည်းမှမဝင်ဘဲနေတာပါ” လို့ အဲ့ဒီပုဂ္ဂိုလ်က ပြောပြပါတယ်။
ဦးအောင်လွင်က ရွာနဲ့မြို့ကို ကားဆွဲတယ်လို့ ဆိုပါတယ်။ သတ်ခံရတဲ့နေ့က ရွာကနေ မြို့ကို ဈေးဝယ်အသွား ရွာထိပ်မှာ ဖြစ်ခဲ့တာပါ။ ကားခေါင်းခန်းထဲမှာ ဦးအောင်လွင်ရဲ့ ၁၅ နှစ်အရွယ် သမီးငယ်ပါပြီးတော့ ကားနောက်ခန်းထဲမှာတော့ ရွာက တခြားရွာသားတွေနဲ့အတူ သူ့အမျိုးသမီးလည်း ပါပါတယ်။
ရွာထိပ်မှာ ခုနက အဖွဲ့တွေနဲ့တွေ့ပြီး ဦးအောင်လွင်ကို ကားရှေ့ကို ခေါ်ပြီး သမီးဖြစ်သူကိုတော့ ကားနောက်ကို သွားခိုင်းတယ်လို့ ဆိုပါတယ်။ ပြီးတော့ “ထွေအုပ်စာရေး ဦးကျော်သူရဲ့ ဦးလေးလား” လို့ မေးတယ်လို့ ဆိုပါတယ်။
တကယ်တော့ ဒီအဖွဲ့တွေမေးတဲ့ ထွေအုပ်စာရေး ဦးကျော်သူဆိုတာ ခု သတ်ဖြတ်ခံရတဲ့ ဦးအောင်လွင်ရဲ့ တူမရဲ့ ယောက်ျားဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ရှင်းပြပါတယ်။
အဲ့ဒီနောက် ဦးကျော်သူ အိမ်မှာရှိလားလို့ မေးတယ်လို့ ပြောပါတယ်။ ဦးအောင်လွင်က သူ မသိကြောင်း ပြောပြီးတော့ သူ့မှာ ဘာအပြစ်ရှိလို့လဲဆိုပြီး အကြိမ်ကြိမ်ပြန်မေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမေးနေတဲ့ အချိန်မှာ ဦးအောင်လွင်ရဲ့ အမျိုးသမီးရော သမီးငယ်ရော တခြားရွာသားတွေရော ကားနောက်ဘက်မှာ ရှိနေခဲ့တာပါ။
ဦးအောင်လွင်ကို အဲ့ဒီနေရာမှာပဲ ခေါင်းကို ၂ ချက် ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဦးအောင်လွင်ရဲ့ “ပိုက်ဆံအိတ်ရယ် လက်မှာဝတ်ထားတဲ့ လက်စွပ်ကော ချွတ်ယူသွားတယ်” လို့ ပြောပြပါတယ်။
ဦးအောင်လွင်က “အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ မပတ်သက်တာ ၄ နှစ်ကျော် ၅နှစ်ဖြစ်နေပါလျက်နဲ့ အတိအကျနာမည်နဲ့ ဘာအကြောင်းပြချက်မှ မပေးဘဲ ပစ်ချင်လို့ပစ်သွားသလိုဖြစ်နေတာပါ။ အဲ့ဒီလိုမတရားခံရတာကိုလည်း တရွာလုံး တနယ်လုံးသိပါတယ်၊ မပြောရဲကြသူတွေပဲ ရှိတာပါ” လို့ သူကပဲ ထပ်ဖြည့် ပြောပါတယ်။
ပြီးတော့ “ပြန်မရှင်တော့ပေမဲ့ ဂုဏ်သိက္ခာအတွက် စာထုတ်ပေးစေချင်ပါတယ်” လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
အဲ့ဒီဖြစ်ရပ်ပြီးတော့ ကားပေါ်ပါလာတဲ့ ယောက်ျားလေးတယောက်ကို သေနတ်နဲ့ထောက်ပြီး ရွာထဲက ဦးကျော်သူရဲ့အိမ်ကို လိုက်ပြခိုင်းတယ်လို့ ဆိုပါတယ်။ ကားပေါ်ပါလာတဲ့ ရွာသားတွေက ရွာကို ပြန်ကြပြီးတော့ သတ်ဖြတ်ခံရသူ ဦးအောင်လွင်အလောင်းဘေးမှာတော့ သူ့အမျိုးသမီးနဲ့ သမီးငယ်ပဲ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
သတ်ဖြတ်ခဲ့တဲ့ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရတော့ “ထွေအုပ် စာရေး ကျော်သူသည်လည်း အကြောင်းအမျိုးမျိုးကြောင့် လွတ်မြောက်ခဲ့ပေမဲ့ တွေ့ရာနေရာတွင် ပစ်ခတ်ရှင်းလင်းသွားမည်” လို့ ရေးထားတာ တွေ့ရပါတယ်။
ဒီလို ကိစ္စမျိုးတွေက မရှင်းမလင်းနဲ့ ဖြစ်ခဲ့တာတွေ ရှေ့မှာ ကျနော့်ကို လာပြောကြတာ အများကြီးပါပဲ။ ထုတ်ပြောဖို့ လန့်ကြသူတွေရယ်၊ ပြောလိုက်ရင် အသက်အန္တရယ်စိုးရိမ်ရတာရယ်နဲ့ တရားမျှတမှု ပြန်မရနိုင်တော့တာရယ်ကြောင့် လက်လျှော့လိုက်ကြတာ များပါတယ်။ မီဒီယာတချို့ကလည်း ဒီလိုကိစ္စမျိုးဆို လက်ရှောင်ကြတာ များပါတယ်။
တချို့ကတော့ တရားမျှတမှု မရနိုင်တော့သလို သတ်ဖြတ်ခံရသူ ပြန်မရှင်လာနိုင်တော့ပေမဲ့ ဒလန်၊ ပျူ ခေါင်းစဉ်တပ်ခံရပြီး မီဒီယာတွေမှာပါ နာမည်ဖျက်ခံရတာကို မခံစားနိုင်ကြတာကြောင့် ကျန်ရစ်ခဲ့သူတွေက ထုတ်ပြောကြဖို့ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။
အထက်က ဖြစ်ရပ် နှစ်ခုစလုံးမှာ ဒလန် ပျူ ခေါင်းစဉ်တပ်ထားပေမဲ့ သက်သေပြချက် တခုမှ မတွေ့ရပါ။ အရပ်သားပြည်သူအတွက် ဒါက ကြောက်စရာအကောင်းဆုံးပါပဲ။ သက်သေ ဓာတ်ပုံ စာရွက်စာတမ်း မှတ်တမ်း တခုမှ မရှိဘဲ မက်ဆင်ဂျာထဲကနေ နာမည်လာပို့ပြီး ပါးစပ်ပြောနဲ့တင် ဒလန်လို့ သတ်မှတ်၊ သတ်ဖြတ်လိုက်တာဟာ တရားမဲ့လွန်းရာကျပါတယ်။
ဒီလိုမျိုးက ကျနော့်ဆီကိုတောင် လာပြောကြတာပါ။ ဥပမာ မန္တလေး ဘယ်မြို့က ဘယ်သူကတော့ စစ်တပ်နဲ့ ဘယ်လိုပေါင်းပြီး စီးပွားရေးလုပ်နေပါတယ်ဆိုတာမျိုး၊ သူ့ကို ရှင်းပေးစေချင်တယ်ဆိုတာမျိုး။ မုံရွာ ဘယ်ရပ်ကွက်က ဘယ်သူကတော့ ဆေးပြားရောင်းနေလို့ တော်လှန်ရေးအဖွဲ့ကို သတင်းပေးပေးပါ၊ ရှင်းပေးစေချင်ပါတယ်ဆိုတာမျိုးတွေ အများကြီးပါ။
ဒီနေရာမှာ လာပြောတဲ့လူကို ကျနော်တို့ ဘယ်လို စစ်မလဲဆိုတာပါပဲ။ ပုဂ္ဂိုလ်ရေး မကျေနပ်လို့လား၊ အချင်းချင်းကြား ပြဿနာရှိလို့လားဆိုတာ ကျနော်တို့ ဘယ်လိုသိနိုင်မလဲ။ မသိနိုင်ပါဘူး။ မလွယ်ပါဘူး။
လူ့အသက်တချောင်းဖြစ်ပါတယ်။ ကျန်ရစ်ခဲ့သူ သားတွေ သမီးတွေ ဖြစ်ပါတယ်။ ပြည်သူတွေပဲ ဖြစ်ပါတယ်။ မှားယွင်း သတ်ဖြတ်ခံရသူတချို့ရဲ့ သားသမီးတွေထဲမှာ ကလစ်နေသူတွေ၊ လစဉ်ငွေထည့်နေသူတွေ ပါကြပါတယ်။
လူထုကတော့ တော်လှန်ရေးဆိုတာ တပ်ထားရင် မတရားမှုကို တွန်းလှန်တဲ့ဘက်ကနေ အားပေးကြမှာပါပဲ။ ဒါပေမဲ့ တချို့အဖွဲ့တွေက ဘာအလုပ်လုပ်နေကြတဲ့ အဖွဲ့တွေလဲ ဘယ်သူ့ အောက်ကနေ သွားနေကြတာလဲဆိုတာတောင် မကွဲပြားကြပါဘူး။
အချိန်ယူ စုံစမ်းစစ်ဆေးမှုမလုပ်၊ သက်သေမပြနိုင်ဘဲ ရှင်းလင်းရေးလုပ်နေတာတွေကို ဘယ်သူတွေ ဘယ်အဖွဲ့တွေက တာဝန်ယူ စစ်ဆေးနေကြသလဲ။ ဒီကိစ္စတွေဟာ အမှန်တကယ် တော်လှန်ရေးလုပ်နေသူတွေအတွက် အနှောင့်အယှက်ဖြစ်သလို မလိုအပ်ဘဲ ခရီးဖင့်စေမဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
သူကမွန်တော်လှန်ရေးတပ်ဖွဲ့ဝင်ထားတယ်
ကျနော်သူငယ်ချင်းလဲ တစ်ယောက်လုပ်ကြံသတ်ဖြတ်ခံရတယ်