'ယော' တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သေဆုံးမှု နောက်ကွယ်
ကိုမြတ်သူဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် YDF နဲ့ ကိုကောင်းကောင်း ဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် (မြေပြင်စစ်ဒေသရုံး) ဆိုပြီး နှစ်ဖွဲ့ကွဲနေတာကို တွေ့ရပါတယ်။
(ဒီဆောင်းပါးကို ရုပ်သံသတင်းဆောင်းပါး အနေနဲ့ YouTube မှာလည်း ကြည့်နိုင်ပါတယ်)
မကွေး၊ ယောနယ်အခြေစိုက် ယောကာကွယ်ရေးတပ် YDF အဖွဲ့ဝင်အချင်းချင်းကြား ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ယောနယ်တော်လှန်ရေးလှုပ်ရှားမှုထဲ အရေးပါတဲ့ ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ် စိုင်းဇော်ဝင်းတို့ ကျဆုံးခဲ့ပါတယ်။
ယောကာကွယ်ရေးတပ် YDF ကိုတော့ ကိုမြတ်သူက ဦးစီးနေတာဖြစ်ပြီး သူ့ရဲ့ ဦးဆောင်မှုကို လက်မခံတော့တဲ့ ကိုကောင်းကောင်းတို့က ‘မြေပြင်စစ်ဒေသရုံး’ ဆိုပြီး သီးခြားရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ခုဖြစ်တဲ့ ပြဿနာမှာ ကိုမြတ်သူဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် YDF နဲ့ ကိုကောင်းကောင်း ဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် (မြေပြင်စစ်ဒေသရုံး) ဆိုပြီး နှစ်ဖွဲ့ကွဲနေခဲ့တာကို တွေ့ရပါတယ်။
ကိုမြတ်သူကို ဆက်သွယ်မေးမြန်းခဲ့ပြီး ၁၅ မိနစ်ကျော်ကြာ စကားပြောခဲ့ပေမဲ့ သူ့အနေနဲ့ မီဒီယာမှာ နာမည်ခံပြီး မပြောလိုဘူးလို့ ပြောပါတယ်။ ယောကာကွယ်ရေးတပ် YDF ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ကိုဇွဲမာန်ဟိန်းကပဲ တရားဝင် ဖြေခဲ့ပါတယ်။
ကိုမြတ်သူဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် YDF အနေနဲ့ ခု ကျဆုံးသွားတဲ့ ကိုကောင်ကောင်းတို့ရဲ့ ‘မြေပြင်စစ်ဒေသရုံး’ ကို လက်မခံသလို ‘YDF ခွဲထွက်’ ဆိုတာလည်း မရှိဘူးလို့ ဆိုပါတယ်။ ကိုကောင်းကောင်းတို့အဖွဲ့ဟာ ‘ထောင်ဖောက်ပြေးသွားသူ ရာဇဝတ်သားတွေ’ ပဲ ဖြစ်တယ်လို့ ကိုမြတ်သူတို့က သုံးနှုန်းပါတယ်။
ကိုမြတ်သူဦးဆောင်တဲ့ အဖွဲ့နဲ့ ကိုကောင်းကောင်းတို့ ဦးဆောင်တဲ့အဖွဲ့ကြားမှာ မကြေလည်မှုတွေ ရှိနေခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့ မတ်လ ၂၂ ကတော့ နှစ်ဖွဲ့ကြား ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ပြီးတော့ ကိုကောင်းကောင်းနဲ့ ကိုစိုင်းဇော်ဝင်းတို့ ကျဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကိုမြတ်သူတို့အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်ဟိန်းက “သူတို့ဘက်က စတင်ပစ်ခတ်လို့ ကျနော်တို့ဘက်က မလွှဲသာ မရှောင်သာ ပစ်ခတ်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီအချက်အပေါ် ဗိုလ်ကြီးကောင်းကောင်း ကျဆုံးသွားပြီး မြေပြင်စစ်ဒေသရုံးကို လက်ရှိ ဦးဆောင်နေသူ ကိုယောလင်းရဲ့ ပြောဆိုမှုနဲ့ ကွဲလွဲနေတာကို တွေ့ရပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့ မတ် ၂၂ မှာ ကိုကောင်းကောင်းက သားဖြစ်သူရဲ့ အလှူပွဲကို ရောက်နေခဲ့တာပါ။ အဲ့ဒီနေရာကို ကိုမြတ်သူတို့အဖွဲ့ရဲ့ ထောက်လှမ်းရေး ၂ ဦးရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ အလှူအိမ်မှာ အဆင်မပြေနိုင်တာကြောင့် ထောက်လှမ်းရေး ၂ ဦးကို ကိုကောင်းကောင်းက Starlink ဆိုင်ကို ခေါ်ပြီး စကားပြောခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ဒီလို စကားပြောနေတယ်ဆိုတဲ့ အကြောင်းကိုလည်း SRA (နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု) တာဝန်ခံတွေ၊ ခရိုင်ကွပ်ကဲရေးမှူးရုံးတွေ၊ YA (ယောတပ်တော်) ဥက္ကဋ္ဌ ကိုမင်းကျော်ဆီကိုရော အကုန်လုံး သတင်းပို့ထားပါတယ်” လို့ ကိုယောလင်းက ဆိုပါတယ်။
ယောကာကွယ်ရေးတပ် YDF နဲ့ ယောတပ်တော် YA တို့ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၅ ဒီဇင်ဘာက ဖွဲ့စည်းခဲ့တဲ့ SRA (နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု) ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
မြေပြင်စစ်ဒေသရုံးအဆိုအရ ကိုမြတ်သူတို့ရဲ့ ထောက်လှမ်းရေး ၂ ယောက်ဟာ ကိုကောင်းကောင်းဆီကို ရောက်လာတယ်ဆိုပေမဲ့ ကိုမြတ်သူအဖွဲ့ရဲ့ ပြောဆိုခွင့်ရှိသူကတော့ “ကိုကောင်းကောင်းတို့အုပ်စုက တာဝန်နဲ့သွားနေတဲ့ ကျနော်တို့ ရဲဘော် ၂ ယောက်ကို ပြီးခဲ့တဲ့ရက်ကဖြစ်တဲ့ ကျေးရွာနားမှာ သူတို့ ထပ်ဖမ်းလိုက်တယ်” လို့ ဆိုပါတယ်။
ဒါပေမဲ့ ကိုယောလင်းကတော့ “ကျနော်တို့ဆီကို ထောက်လှမ်းရေး ၂ ယောက် ရောက်လာတယ်၊ ကျနော်တို့ ကတိကဝတ် ပြုထားပေမဲ့ ရောက်လာတယ်။ ဖမ်းလိုက်တာလည်း မဟုတ်ပါဘူး။ လုံခြုံရေးအရ မေးမြန်းနေရတာတွေ ရှိပါတယ်။ ပြန်လွှတ်လိုက်မှာပါဆိုတာကို ကျနော်တို့ အကုန် သတင်းပို့ထားပါတယ်” လို့ ပြောပါတယ်။
ဒီနေရာမှာ ကိုမြတ်သူတို့အဖွဲ့က ပြောတဲ့ ‘ထပ်ဖမ်းလိုက်တယ်’ ဆိုတဲ့ကိစ္စနဲ့ ကိုယောလင်းပြောတဲ့ ‘ကတိကဝတ်ပြုထားပေမဲ့’ ဆိုတာကတော့ ဒီ မတ် ၂၂ ရက်မတိုင်ခင်မှာ နှစ်ဖွဲ့ကြား မကြေလည်ကြသေးဘဲ ဆွေးနွေးနေရဆဲ ကိစ္စတခုကို ရည်ညွှန်းပြောဆိုနေတာ ဖြစ်ပါတယ်။
အဲ့ဒါက ကိုမြတ်သူတို့ရဲ့ ယောကာကွယ်ရေးတပ် YDF အဖွဲ့က တပ်မှူးအဆင့်ရှိတဲ့ ကိုသာပြည့်ကို မြေပြင်စစ်ဒေသရုံး ကိုကောင်းကောင်းတို့က ဖမ်းဆီးခဲ့မှုဖြစ်ပါတယ်။
ကိုသာပြည့်ဖမ်းဆီးခံရမှု
ကိုမြတ်သူတို့ရဲ့ ယောကာကွယ်ရေးတပ် YDF အရာခံဗိုလ် ဘကျော်က ဒီနှစ် ဖေဖော်ဝါရီလက ကိုယောလင်းကို ဖုန်းကြိုဆက်ခဲ့ပြီး ဒီမြေပြင်စစ်ဒေရုံး အခြေစိုက်ရာနေရာကို ရောက်မဲ့အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းကို ကိုမြတ်သူရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောတာက “ကိုကောင်းကောင်း အပါအဝင် ဒီ ထောင်ဖောက်ပြေးသွားတဲ့ လူတစ်စုက ကျနော်တို့ရဲ့ စစ်ဆေးရေးဂိတ်တွေကို ၁၀ ကြိမ်ထက်မနည်းပေါ့၊ အကြိမ်ကြိမ် နှောက်ယှက်တာရှိတယ်၊ ဝင်စီးတာတွေ ရှိတယ်။ ပြီးတော့မှ ကျနော်တို့ရဲ့ လက်နက်ခဲယမ်းတွေကို ယူဆောင်သွားတာတွေလည်းရှိပါတယ်ဗျ။ အဲဒီလိုနဲ့ ကျနော်တို့က ဟုတ်ပြီ အဲဒီအတိုင်းဆိုတော့မဖြစ်ဘူးပေါ့လေ။ ဒီအခြေအနေတွေပိုပြီးတော့မှ ဆိုးဝါးလာနိုင်တယ်ဆိုပြီးတော့မှ ကျနော်တို့က ဒီကြားဝင်ညှိနှိုင်းဖို့တွေကို ကျနော်တို့ ဒေသတွင်းမဟာမိတ်တွေကို ကမ်းလှမ်းထားတာတွေရှိပါတယ်” လို့ ဆိုပါတယ်။
အဲ့ဒီနောက်မှာ ကိုယောလင်းကို ဖုန်းဆက်တဲ့ ကိုဘကျော်နဲ့ တပ်မှူး ကိုသာပြည့်တို့က ဖေဖော်ဝါရီ ၂၄ ရက်မှာ ကိုကောင်းကောင်းတို့ဆီ ရောက်လာခဲ့ပြီး ပြောဆိုဆွေးနွေးမှူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ပြောနေတဲ့အချိန်မှာ သူ့တို့ ရဲဘော်တချို့က ကျနော်တို့ စခန်းရဲ့ တပ်အတွင်းစည်းထဲထိ ရောက်လာတယ်။ သတင်းလာပြီး ထောက်လှမ်းနေတဲ့အပိုင်းတွေ ဖြစ်တယ်။ ဆိုတော့ ကျနော်တို့ စဉ်းစားလိုက်တာက ဟိုဘက် မြောက်ပိုင်းမှာလည်း သာကောင်းရွာမှာ ရဲဘော်တွေကို ဒီလိုမျိုးလုပ်တယ်၊ တခါတည်း အကုန်လုံးကို ဝင်စီးချင်တာလားဆိုတဲ့ ကိစ္စရပ်မျိုး ဖြစ်သွားတော့ ကျနော်တို့က အဲ့ဒီမှာ ခဏ ထိန်းသိမ်းပြီးမှ သူတို့ရဲ့ ဖုန်းတွေ၊ ကျန်တာတွေ၊ ဒရုန်းတွေကို စစ်ကြည့်လိုက်တယ်” လို့ ကိုယောလင်းက ပြောပါတယ်။
တပ်မှူး ကိုသာပြည့်နဲ့ ရဲဘော် ၇ ဦးကို ကိုကောင်းကောင်းတို့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ YDF အရာခံဗိုလ် ဘကျော်ကတော့ ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ကိုသာပြည့်တို့ဆီမှာ ပါလာတဲ့ ဒရုန်းကို ခရိုင်ရုံးထံပေးပို့ အကူအညီတောင်းပြီး စစ်ကြည့်လိုက်ချိန်မှာ ကိုကောင်းကောင်းတို့ရဲ့ စခန်းတည်နေရာတွေ၊ ခရိုင်ရုံး စခန်းတည်နေရာတွေ၊ ပကဖ၊ ပအဖ ရုံးစခန်းတည်နေရာတွေ၊ ဂိတ်တွေ၊ အားလုံးကို မှတ်တမ်းတင်ထားတာကို တွေ့ခဲ့တယ်လို့ ကိုယောလင်းက ဆိုပါတယ်။
ဒီအချိန်မှာ ခရိုင်းရုံးက ထောက်လှမ်းရေးတွေ ပါဝင်ခဲ့ပြီး ကိုသာပြည့်တို့ကို စစ်ဆေးမေးမြန်းနေခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ဖမ်းဆီးထားစဉ်မှာ ကိုကောင်းကောင်းတို့အဖွဲ့က ကိုမြတ်သူဆီကို သတင်းပေးပို့ခဲ့သလို ပြဿနာတွေ ဒီထက်ပိုဆိုးမလာစေဖို့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
ကိုမြတ်သူရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်ဟိန်းက ဒီလိုပြောပါတယ်။
“တပ်မှူးသာပြည့်ကို ဖမ်းထားတဲ့ အချိန်မှာလည်း ဒီကျောက်စရစ်ခဲတွေကို ခွဲပြီးတော့မှ အဲဒီပေါ်မှာ ဒူးထောက်ခိုင်းပြီးတော့ သူတို့စစ်ကြောရေးတွေ လုပ်ခဲ့တာတွေလည်းရှိပါတယ်ဗျ။ ဆိုတော့ ကျနော်တို့က အဲဒီလိုအခြေအနေတွေဖြစ်လာပြီဆိုရင်တော့ မဖြစ်တော့ဘူးဆိုပြီးတော့မှ ဒေသတွင်းမှာရှိတဲ့ ဒီခရိုင်ကွက်ကအဖွဲ့တွေပါတယ်၊ ဒီပကဖတွေပါတယ်၊ ပအဖတွေပါတယ်ပေါ့လေ။ ဒီ အဲဒီအဖွဲ့တွေနဲ့ ကျနော်တို့ ညှိနှိုင်းမှူတွေ လုပ်ပါတယ်”
အဲ့ဒီနောက်ပိုင်းမှာ ကိုသာပြည့်တို့ကို ဖမ်းဆီးမှုနဲ့ပတ်သက်လို့ SRA (နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု) က တာဝန်ခံအနေနဲ့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခ၊ YA (ယောတပ်တော်) ဥက္ကဋ္ဌ ကိုမင်းကျော်၊ ခရိုင်ရုံးက ဒုကွပ် သခင်ဇော်၊ မကွေးတိုင်း တိုင်းမှူးတို့နဲ့အတူ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ကိုသာပြည့်တို့ကို ဖမ်းဆီးခဲ့တာက ဖေဖော်ဝါရီ ၂၄ ဖြစ်ပြီး ၁၅ ရက်အကြာ နောက်လ မတ် ၁၁ ရက်နေ့မှာ ခရိုင်တာဝန်ခံတွေ၊ YA ယောတပ်တော် တာဝန်ခံတွေ့ရှေမှာ ကိုသာပြည့်တို့ကို ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။
လူတွေကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ကိုသာပြည့်တို့ရဲ့ လက်နက်တွေနဲ့ ဒရုန်းတစီးကိုတော့ ကိုကောင်းကောင်းတို့က သိမ်းထားလိုက်ပြီး တတိယအကြိမ် အစည်းအဝေးမှာမှ တောင်းဆိုချက်တွေနဲ့အတူ ပြန်ပေးအပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။
အဲ့ဒါကတော့ “ကျနော်တို့ ကိုကောင်းကောင်းတို့ ကိုသားငယ်တို့ ကျနော်တို့ မြေပြင်စစ်ဒေသရုံးအပေါ်မှာ စွဲချက်တင်ထားတဲ့ သူတို့ရဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းမယ်ဆိုရင် တော်လှန်ရေးရဲ့ နည်းဥပဒေနဲ့အညီ တော်လှန်ရေးအင်အားစုတွေ အကုန်လုံး စုံခုံဖွဲ့ပြီးမှ ဖြေရှင်းကြဖို့ဆိုတဲ့ အပိုင်းကို ကျနော်တို့က တောင်းဆိုထားတာပါ” လို့ ကိုယောလင်းက ပြောပါတယ်။
အဖွဲ့ ၂ ဖွဲ့ကြား မကြေလည်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ မကွေးတိုင်းစစ်ဌာန တိုင်းမှူး၊ SRA (နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု), YA ယောတပ်တော် တို့ ဦးဆောင်ပါဝင်ပြီး ‘တော်လှန်ရေးအဖွဲ့များ အချင်းချင်း လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းကြရန်’ ဆိုတဲ့အချက်ကို ကိုမြတ်သူတို့နဲ့ ကိုကောင်းကောင်းတို့ကြား ညှိနှိုင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက်မှာတော့ “ဗိုလ်ကြီးတို့ (ပစ်ခတ်ခံရမှု) ဖြစ်သွားတဲ့နေ့က တကယ်တမ်းဆိုရင် အစည်းအဝေးရှိပါတယ်။ မတိုင်ခင်တရက်က အစည်းအဝေးရှိတယ်၊ အဲ့ဒီမှာ SRA အစည်းအဝေးနဲ့ တိုက်နေလို့ ရက်ချိန်းပြီးမှ နောက်တရက်မှ အစည်းအဝေးလုပ်ဖို့ ရက်ချိန်းထားတာပါ” လို့ ကိုယောလင်းက ပြောပါတယ်။
“မြေပြင်မှာ စုံခုံဖွဲ့ပြီး ဖြေရှင်းမယ်ဆိုတဲ့အပိုင်းကို ကိုမြတ်သူတို့က မရှင်းရဲတဲ့အခါကျတော့ မရှင်းနိုင်တဲ့အခါကျတော့ ဗိုလ်ကြီး (ကောင်းကောင်း) ကို လုပ်ကြံပြီး နှုတ်ပိတ်တဲ့ကိစ္စတွေ ဖြစ်လာပါ” လို့ ဆိုပါတယ်။
ကိုမြတ်သူရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်ဟိန်းပြောတာက ကိုကောင်းကောင်းတို့က စတင်ပစ်ခတ်လို့ ပြန်ပစ်ရတာပါလို့ ဆိုပေမဲ့ မြေပြင်စစ်ဒေသရုံး ထုတ်ပြန်ချက်မှာတော့ “ကြိုတင်ကြံစည်ထားသော မြတ်သူ ဦးဆောင်သောအဖွဲ့မှ မြတ်မင်းအပါအဝင် ၂၅ ဦးခန့်က ရုတ်တရက် အတင်းဝင်ရောက် ပစ်ခတ်ခဲ့” တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ပြောဆိုချက်တွေ ကွဲလွဲနေပြီးတော့ ပစ်ခတ်မှုဖြစ်တဲ့အကြောင်း ပြောတဲ့နေရာမှာ ကိုမြတ်သူတို့အဖွဲ့ဘက်က ပြောတာကတော့ “ကျနော်တို့ဆီက သွားတာက (အင်အား) ၂၀ တောင် မပြည့်ပါဘူး” လို့ ပြောပြီးတော့ “သူတို့ကတော့ သာလွန်အင်အားပေါ့လေ” လို့ ကိုမြတ်သူရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်ဟိန်းက ပြောပါတယ်။
ဒါပေမဲ့ ပစ်ခတ်မှုတွေ ဖြစ်ပြီးချိန်မှာ ကိုမြတ်သူတို့အဖွဲ့က ထိခိုက်သေဆုံးသူ တဦးမှ မရှိခဲ့ဘူးလို့ ကိုဇွဲမာန်ဟိန်းက အတည်ပြုပါတယ်။ ကိုကောင်းကောင်းတို့ အဖွဲ့ဘက်မှာတော့ ကိုကောင်းကောင်း (ဗိုလ်ကြီး) နဲ့ ကိုစိုင်းဇော်ဝင်း (တပ်ကြပ်) တို့ ကျဆုံးခဲ့သလို တပ်ကြပ်ကြီး မျိုးအောင်၊ ရဲဘော် မိုင်းပီးတို့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ကျနော်ရရှိထားတဲ့ ဓာတ်ပုံတွေအရ ကိုကောင်းကောင်းနဲ့ ကိုစိုင်းဇော်ဝင်းတို့ရဲ့ ရုပ်အလောင်းတွေကို အတည်ပြုနိုင်ပါတယ်။
ယောကာကွယ်ရေးတပ် YDF ကောက်ကြောင်း
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ နှစ်လယ်ပိုင်းလောက်က ယောကာကွယ်ရေးတပ် YDF ကို စတည်ဖွဲ့စည်းခဲ့ပြီးတော့ အဲ့ဒီကတည်းက ကိုမြတ်သူ၊ ကိုကောင်းကောင်းတို့ ပါဝင်ခဲ့ကြသလို ကိုကျော်ဝင်းသူ၊ ကိုဘိုဝင်း၊ ကိုမင်းမင်းတို့လည်း ပါဝင်ခဲ့ကြပါတယ်။ ကိုမြတ်သူက အစိုးရ ကျောင်းဆရာကနေ စီဒီအမ် ဝင်ခဲ့သူဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ ကိုကျော်ဝင်းသူက စစ်ဦးစီးချုပ်ရာထူး၊ ကိုဖြိုးဝေစိုးက ဒုစစ်ဦးစီးချုပ်ရာထူးနဲ့ ဆက်သွားခဲ့ကြပါတယ်။ အဲ့ဒီတုန်းက ကိုမြတ်သူက ဥက္ကဋ္ဌ ရာထူး ဖြစ်ပါတယ်။
၂၀၂၂ အောက်တိုဘာလမှာတော့ ဒုစစ်ဦးစီးချုပ် ကိုဖြိုးဝေစိုးက စစ်ကောင်စီနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး သူနဲ့အတူ ရဲဘော်တဦးတို့ ကျဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ယောကာကွယ်ရေးတပ် YDF မှာ ဒုစစ်ဦးစီးချုပ် မရှိတော့ဘဲ ကိုကျော်ဝင်းသူက စစ်ဦးစီးချုပ် ကိုမြတ်သူက ဥက္ကဋ္ဌဆိုပြီး ဆက်သွားနေခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ကိုမြတ်သူနဲ့ ကိုကျော်ဝင်းသူတို့ကြား ပြဿနာကြီးကြီးမားမား တခုဖြစ်ပြီး ကိုကျော်ဝင်းသူက တပ်ဖွဲ့ကနေထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်ကနေစပြီး ယောကာကွယ်ရေးတပ်မှာ စစ်ဦးစီးချုပ်ရာထူး မရှိတော့ဘဲ ကိုမြတ်သူ ဥက္ကဋ္ဌဆိုတဲ့ ရာထူးအနေနဲ့ပဲ ဆက်ပြီးရှိနေခဲ့ပါတယ်။
ယောကာကွယ်ရေးတပ်ဟာ သူတို့ရဲ့ စစ်သင်တန်း ပထမအပတ်စဉ်အနေနဲ့ ၂၀၂၂ ခုနှစ်မှာ အာရက္ခတပ်တော် (AA) ဆီကို ပို့လွှတ်ခဲ့ပါတယ်။ ဒုတိယ အပတ်စဉ်ကိုတော့ ၂၀၂၃ ခုနှစ်မှာ ပို့လွှတ်ခဲ့ပြီး ကိုကောင်းကောင်းတို့ ပါဝင်ခဲ့ပါတယ်။ တတိယ အပတ်စဉ်ကျတော့မှ ကိုယောလင်းတို့က ရခိုင်ကို စစ်သင်တန်းသွားတက်ခဲ့ကြတာပါ။
ကိုကောင်းကောင်းတို့ သင်းတန်းဆင်းချိန်၊ ကိုယောလင်းတို့ ရခိုင်ကို ရောက်ချိန်မှာပဲ ကိုမြတ်သူလည်း ရခိုင်ကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်သင်တန်းတက်ဖို့တော့ မဟုတ်ပါဘူး။
ကိုမြတ်သူ (ခ) ကိုသိန်းဇော်ဝင်း
ကိုမြတ်သူဟာ အခြေခံစစ်သင်တန်းမပြီးခဲ့သလို မြေပြင်မှာ အလုပ်လုပ်သူလည်း မဟုတ်ဘဲ အွန်လိုင်းနဲ့ အလှူငွေရရှိရေးကိုသာ လုပ်သူဖြစ်တယ်လို့ ဆိုတယ်။
ဒါ့အပြင် “တော်လှန်ရေး တနှစ်ပြည့် အခန်းအနားလုပ်တဲ့အချိန်ကျမှ ကိုမြတ်သူက အဲ့ဒီမှာ တခေါက်ရောက်ဖူးတာပါ။ ကျန်တဲ့အချိန်တွေမှာ အလုပ်တွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ တခါမှ မမြင်ဖူးဘူး။ ကျနော်တို့က စစ်ဦးစီးချုပ် (ကိုကျော်ဝင်းသူ)၊ VCS (ကိုဖြိုးဝေစိုး) တို့နဲ့ အလုပ်လုပ်ရတာပါ” လို့ ကိုယောလင်းက ပြောပါတယ်။
ကိုမြတ်သူဟာ ရခိုင်ကို ရောက်လာချိန်မှာ သူ့ကိုယ်သူ စစ်ဦးစီးချုပ်လို့ မဟာမိတ်တွေကြားထဲ မိတ်ဆက်လာခဲ့ပါတယ်။ ဘယ်သူတဦးတယောက်ရဲ့ သဘောတူညီမှု မေးမြန်းမှု မရှိဘဲ ယောကာကွယ်ရေးတပ်ရဲ့ စစ်ဦးစီးချုပ်ရာထူးကို ကိုမြတ်သူက သူ့သဘောနဲ့သူ ယူခဲ့တာလို့ ကိုယောလင်းက ပြောပြပါတယ်။
အစိုးရ ကျောင်းဆရာကနေ စီဒီအမ် ဝင်ခဲ့ပြီး ယောကာကွယ်ရေးတပ်မှာ ဥက္ကဋ္ဌ၊ အဲ့ဒီကနေ စစ်ဦးစီးချုပ် ကိုကျော်ဝင်းသူ၊ ဒုစစ်ဦးစီးချုပ် ကိုဖြိုးဝေစိုးတို့ မရှိတော့တဲ့နောက်ပိုင်း စစ်ဦးစီးချုပ်ရာထူးကို ယူခဲ့သူ ဖြစ်ပါတယ်။
ကိုကောင်းကောင်းတို့ရဲ့ မြေပြင်စစ်ဒေသရုံးကတော့ ကိုမြတ်သူဟာ “တပ် တည်ထောင်စဉ်ကာလမှစ၍ ယနေ့အချိန်ထိ ဘဏ္ဍာငွေရှင်းတမ်းများ မပြုလုပ်” ခဲ့ဘူးလို့ ပြောထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေး ကာကွယ်ရေး လုံခြုံရေးတပ်ဖွဲ့တွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေလည်း လုပ်သလို ကျေးရွာ ပကဖတွေကို အဓမ္မ စစ်မှုထမ်းခိုင်းတာတွေ ရှိတယ်လို့ မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။
ကိုမြတ်သူရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်ဟိန်းကတော့ “ကျနော်တို့ တပ်မှာတော့ တပ်တည်ဆောက်ရေးအရ တချို့သောကိစ္စတွေ လုပ်ရတာတော့ရှိတယ် ဒါပေမဲ့ သူတို့စွပ်စွဲထားသလိုတော့ ကျနော်တို့ လုပ်ထားတာမျိုးမရှိဘူး၊ ပြီးတော့မှ ပကဖတွေ ပြောတဲ့ပုံစံလိုမျိုးပေါ့လေ ကျနော်တို့ တင်းအဓမ္မစုဆောင်းတာမျိုး တပ်သားစုဆောင်းတာမျိုးလုံးဝမရှိပါဘူး” လို့ ဆိုပါတယ်။
YDF အကွဲအပြဲ အစ
မဟာမိတ်တပ်ဖွဲ့တခုက ယောကာကွယ်ရေးတပ်ကို လက်နက်ပံ့ပိုးမှုတချို့ ရှိခဲ့ပြီး နောက်ပိုင်းမှာ ဒီလက်နက်တွေနဲ့ ပတ်သက်လို့ ယောကာကွယ်ရေးတပ်ကို စာရင်းရှင်းတမ်းလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ကိုကောင်းကောင်းတို့က စာရင်းရှင်းတမ်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပေးလိုက်ပြီး ကိုမြတ်သူကိုလည်း မဟာမိတ်အဖွဲ့က ရှင်းလင်းပေးဖို့ ပြောခဲ့တယ်လို့ဆိုပါတယ်။
“ကိုမြတ်သူက အဲ့ဒီရှင်းတမ်းတွေကို မရှင်းနိုင်တော့ဘူး” လို့ ကိုယောလင်းက ပြောပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုမြတ်သူက မဟာမိတ်တွေပေးထားတဲ့ “လက်နက်တွေကို ကားနဲ့ လဲစီးလိုက်တယ်” လို့ သူက ဆိုပါတယ်။
“ဆိုတော့ ဒီအပြစ်တွေကို ဖုံးနိုင်ဖို့ ဗိုလ်ကြီး (ကောင်းကောင်း) ဖမ်းပြီး ထောင်ထဲ ထည့်ထားလိုက်တယ်၊ ကျနော်တို့ကို ပြောတော့ ရှေ့ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ ဝိတ်လျှော့တဲ့သဘောပဲ ပြောပြီးကာမှ မဟာမိတ်တွေဆီမှာကျတော့ လက်နက်ခဲယမ်း ကွာဟနေတဲ့ စာရင်းဇယားတွေအကုန်လုံးကို ဗိုလ်ကြီး (ကောင်းကောင်း) က အလွဲသုံးစားလုပ်ထားပါတယ်၊ ရောင်းစားထားတယ်ဆိုပြီးတော့မှ သူ့အပြစ်ကို ဖုံးလိုက်တာ” လို့ ကိုယောလင်းက ဆိုပါတယ်။
ဗိုလ်ကြီးကောင်းကောင်းကို ဖမ်းဆီးရတာနဲ့ ပတ်သက်လို့ ကိုမြတ်သူရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်ဟိန်းကတော့ ဒီလိုပြောပါတယ်။
“ကိုကောင်းကောင်းတို့က တပ်ပိုင်လက်နက်ခဲယမ်းတွေ ခိုးရောင်းချတာတွေ အဲဒီဖြစ်မှုတွေရှိတာပေါ့လေ။ ပြီးတော့ တပ်တွင်းစီမံစီကမ်းဖောက်ဖျက်တာတွေ ရှိတယ်။ ပြီးတော့မှ ဒီတော်လှန်ရေးကာလအတွင်းမှာ ကိုယ်ကျိုးစီးပွားလုပ်ခဲ့တဲ့ကိစ္စတွေ ရှိတယ်ပေါ့။ ဆိုတော့ ကျနော်တို့က တပ်တွင်းအရေးယူမှုတွေ လုပ်တဲ့အချိန်မှာ ဒီ ကိုကောင်းကောင်းကိုလည်း ဒီတပ်တွင်း စည်းမျဉ်းစည်းကမ်းဖောက်ဖျက်တာ ဖြစ်တဲ့အတွက် အရေးယူလိုက်တယ်”
ဒါပေမဲ့ ကိုကောင်းကောင်းက အသနားခံစာတင်တဲ့အတွက် ကိုမြတ်သူတို့က ပြစ်ဒဏ်လျှော့ပေါ့ပြီး ယောကာကွယ်ရေးတပ် ဗဟိုတပ်စခန်းမှာ လုံခြုံရေးတာဝန် ပေးခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီအချိန်မှာ သူကဘာလုပ်လိုက်လဲဆိုတော့ အဲဒီလိုတာဝန်ပေးထားတဲ့အချိန်မှာပဲ ကျနော်တို့ တပ်တွင်းမှာအရေးယူထားတဲ့ ဒီအပြစ်သားတွေပေါ့။ အပြစ်ပေးထောင်ချထားတာတွေ ရှိတယ်။ အဲဒီအပြစ်သားတွေအားလုံးကိုရော ပြီးတော့မှ ကျနော်တို့ ယခင်က တပ်မှူးတစ်ယောက်ကိုသတ်သွားတဲ့ ဒီထောင်သားတွေကိုပေါ့လေ၊ အပြစ်သားတွေကိုရော သူက ထောင်ကိုဖောက်ပြီးတော့မှ အကုန်လုံးကိုသယ်ထုတ်သွားခဲ့တာပါဗျ။ အဲဒါပြီးတော့မှ သူက ဒီ ထောင်ဖောက်ပြီးတော့မှ ထွက်ပြေးသွားတဲ့အချိန်မှာ အဲဒီဗဟို တပ်စခန်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေယူသွားတယ်” လို့ ကိုဇွဲမာန်ဟိန်းက ပြောပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ ကိုမြတ်သူဦးဆောင်မှုကို လက်မခံတော့တဲ့ ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့ဝင်တွေစုပေါင်းပြီး မြေပြင်စစ်ဒေသရုံး ဆိုတဲ့နာမည်နဲ့ စတင်လှုပ်ရှားခဲ့တာ တွေ့ရပြီး ဒီအဖွဲ့ကိုတော့ ဗိုလ်ကြီးကောင်းကောင်းက ဦးဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းကနေ စပြီး ကိုမြတ်သူ ဦးဆောင်တဲ့ ယောကာကွယ်ရေးတပ်နဲ့ ဗိုလ်ကြီးကောင်းကောင်း ဦးဆောင်တဲ့ မြေပြင်စစ်ဒေသရုံးတို့ကြားမှာ မကြေလည်မှုတွေကို ကြီးထွားလာခဲ့တာ ဖြစ်ပြီး နောက်ဆုံး ပစ်ခတ်မှုတွေကနေ ဗိုလ်ကြီးကောင်းကောင်းတို့ ကျဆုံးတဲ့အဆင့်ထိ ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘာတွေ ဆက်ဖြစ်မလဲ
ယောကာကွယ်ရေးတပ် YDF ဟာ SRA (နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု) အဖွဲ့ဝင်ဖြစ်တာကြောင့် တပ်ပေါင်းစုကနေ ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အဖွဲ့အစည်းအတွင်းမှာ အစည်းအဝေးခေါ်ယူခဲ့တယ်လို့ သိထားရပြီး တိကျတဲ့အဖြေတော့ ထွက်လာတာ မတွေ့ရသေးပါဘူး။
ကိုမြတ်သူတို့အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်ဟိန်းကတော့ “ကျနော်တို့က SRA အဖွဲ့ဝင်ဖြစ်တဲ့အတွက် SRA မှာ ကျွန်တော်တို့တောင်းဆိုတာလည်း ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးဖို့ပေါ့လေ။ ကျနော်တို့ အဓိက အဲဒါတောင်းဆိုတယ်။ ပြီးတော့မှ ဒီတခြားသော ဒီလိုမျိုး ကူညီနိုင်တဲ့အဖွဲ့အစည်းတွေရှိရင်တော့ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကျနော်တို့ အဲဒါတစ်ခုတော့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် “ကျနော်တို့က တောင်းဆိုတယ်ဆိုတာက အခုလိုမျိုး ပစ်ခတ်မှုတွေ မဖြစ်အောင်လို့ပါ။ ပြီးတော့မှ ကျနော်တို့တပ်မှာက တပ်တွင်း ဒီမူဝါဒစည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ပဋိဉာဉ်တွေရှိပြီးသား ဖြစ်တဲ့အတွက် တချို့သောကိစ္စတွေကိုက ကျနော်တို့မှာ သူ့ရဲ့မူဝါဒ သူ့ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သွားနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့တပ်ရဲ့ ဒီလမ်းစဉ်ကိုတော့ မသွေဖယ်ဘဲ ဆက်လျှောက်မယ်ပေါ့။ အဓိကကတော့ အခုလိုမျိုးပြဿနာကို ကျနော်တို့လည်း အမြန်ဆုံးပြေလည်ချင်တယ်။ ပြေလည်ချင်တဲ့အတွက်လည်း ညှိနှိုင်းကြားဝင်ညှိနှိုင်းပေးဖို့တွေ ကျနော်တို့ တောက်လျှောက် တောင်းဆိုထားတာရှိပါတယ်ဗျ” လို့ သူက ပြောပါတယ်။
မြေပြင်စစ်ဒေသရုံး ကိုယောလင်းကတော့ “SRA အနေနဲ့ သူတို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးလို့ ရှိရင်တော့ အရေးယူဆောင်ရွက်ဖို့တော့ ရှိတယ်လို့ ပြောထားပါတယ်” လို့ ဆိုပါတယ်။
SRA (နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု) ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်ကို “တခုခု ထုတ်ပြန်ဖို့များ ရှိမလား” လို့ ဆက်သွယ်မေးမြန်းတော့ “ကျနော်တို့ အခုအတောအတွင်းတော့ ထုတ်ပြန်ဖို့ မရှိသေးဘူး” လို့ ပြန်ဖြေပါတယ်။





