အုပ်ချုပ်သူက ကိုယ့်ကို မကာကွယ်တဲ့အခါ
မတရားမှုတခု ကိုယ်ရှေ့မှာကြုံလာရင် တတ်နိုင်သလောက် တားဆီးဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်။
ရန်ကုန်မြို့ရဲ့ တနင်္ဂနွေပိတ်ရက် လူအစည်ကားဆုံးအချိန် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်မှာ လူအစည်ကားဆုံး ကားမှတ်တိုင်တခုဖြစ်တဲ့ ကမ္ဘာဧဘုရားလမ်းပေါ်က ဗဟန်းသုံးလမ်း ကားမှတ်တိုင်မှာ ဖုန်း ခါးပိုက်နှိုက်မှုတခု ဖြစ်ခဲ့ပါတယ်။
လှိုင်သာယာနဲ့ သာကေတကို ပြေးဆွဲနေတဲ့ Omni Focus Company ပိုင် YBS 82 ဘတ်စ်ကားပေါ်ကို ကန်တော်ကြီးပန်းခြံဘက်အခြမ်းက စီးနင်းဖို့တက်လာတဲ့လူရွယ်စုံတွဲထံကဖုန်းကို ခါးပိုက်နှိုက်တဦးကနှိုက်ယူပြီး သူ့အဖော်ကို လက်ဆင့်ကမ်းပေးလိုက်တာပါ။
ဖုန်းအနှိုက်ခံရသူက ချက်ချင်းပဲသိတာမို့ သူ့ဖုန်းကိုပြန်ယူတဲ့အခါမှာ ခါးပိုက်နှိုက်တွေက ဝိုင်းထိုးကြပါတယ်။ ကားမှတ်တိုင်မှာ လူအုပ်လိုက်ကြီးရှိပါတယ်၊ YBS 82 ပေါ်မှာလည်း လူတွေ အများကြီးပါပဲ။ အားလုံးရှေ့မှာ လူတယောက်ဆီက ဖုန်းအနှိုက်ခံရတဲ့အပြင် ခါးပိုက်နှိုက်တွေက အဲ့ဒီလူကိုပါ နှိုက်မရလို့ ဝိုင်းထိုးကြိတ်ကြတာဖြစ်ပါတယ်။
ဗဟန်းသုံးလမ်း ကားမှတ်တိုင်ဆိုတာ ရွှေတိဂုံဘုရားပေါ်တက်ရတဲ့ လမ်းကျယ် ကြားတောရလမ်းနဲ့ ကမ္ဘာဧဘုရားလမ်းဆုံရာ မီးပွိုင့်အနီးလေးမှာပဲရှိပြီး ဘုရားပေါ်တက်သူ ကန်တော်ကြီးလာသူနဲ့ တိရိစ္ဆာန်ဥယျာဉ်သွားသူတို့ဆုံရာ မှတ်တိုင်ဖြစ်တာမို့ ရုံးပိတ်ရက်တွေမှာ လည်ပတ်သူတွေ အလွန်စည်ကားတဲ့နေရာပါ။
ဒါကိုသိတဲ့အချိန်မှာ ကြည့်မနေနိုင်တဲ့ ကားပေါ်က ခရီးသည် အမျိုးသားတဦးက ဆင်းပြီး လူခွဲဖို့ဖြန်ဖြေဖို့ ကြိုးစားပါတယ်။ ခါးပိုက်နှိုက်တွေက အဲဒီလူကိုပါ မဆိုင်ဘဲ ဝင်ပါလို့ဆိုပြီး ထိုးကြိတ်ကြပါတော့တယ်။
အဲ့ဒီခရီးသည်လည်း ရန်ပွဲထဲဝင်ပါလိုက်ရပြီး သူတပြန် ကိုယ်တပြန်ထိုးကြိတ်ကြတဲ့အခါ ခါးပိုက်နှိုက်တွေနဲ့ နှစ်ဦး နှစ်ဦး လူချေမျှပြီး ဘယ်သူမှ အသာမရဘဲ ရန်ပွဲပြီးသွားပါတယ်။
ကားပေါ်ပြန်တက်သွားတဲ့ ဖုန်းအလုခံရသူနဲ့ ဝင်ကူညီသူကို ခါးပိုက်နှိုက်တွေ စိန်ခေါ်ပြီးပြန်ဆင်းဖို့ အော်နေကြပါသေးတယ်။ ဒါ့အပြင် သူတို့က “မင်းတို့ကို သေချာမှတ်ထားတယ်။ ထပ်တွေ့မယ် သေဖို့ပြင်ထား" လို့ ကြိမ်းမောင်းနေကြပါသေးတယ်။
အင်မတန် အံ့ဩစရာကောင်းတာက အဲ့ဒီလိုဖြစ်နေတဲ့အချိန် စက္ကန့်လေးငါးဆယ် တမိနစ်လောက် အချိန်အတွင်း လူစုကွဲသွားတဲ့အထိ ကူညီတဲ့သူ တဦးပဲ ရှိခဲ့ပါတယ်။
အခုနောက်ပိုင်း ရန်ကုန်နေပြည်သူတွေဟာ ကိုယ့်ရှေ့မှာ လူအချင်းချင်းစော်ကားရန်ရှာ လုယက်နေကြတာကို ဘယ်သူမှား ဘယ်သူမှန်မှန်း သိသိကြီးနဲ့ ရပ်ကြည့်နေရ၊ ရပ်ကြည့်နေကြတဲ့ အခြေအနေကြီးကို ရောက်နေပါပြီ။
စစ်အာဏာသိမ်းပြီးချိန် ကမာရွတ်လှည်းတန်းမှာ ခါးပိုက်နှိုက်ဝိုင်းဖမ်းပေးတဲ့ အနှေးယာဉ်လုပ်သားတဦးကို နောက်တနေ့မှာ ခါးပိုက်နှိုက်တွေအုပ်စုလိုက် ရောက်ချလာပြီး ဝိုင်းရိုက်သတ်ပစ်တဲ့နောက်ပိုင်း လူအတော်များများဟာ ကိုယ့်ရှေ့ကခိုးဆိုးနှိုက်တွေကို ဝိုင်းဝန်းတားဆီးဖို့ အားမထုတ်ချင်ကြတာလည်း အပြစ်တော့ မဆိုသာပါ။
ကိုယ့်မျက်စိရှေ့မှာ အမျိုးသမီးတဦးကို ခိုးဆိုးနှိုက်တာကအစ အရွယ်ကောင်း လူငယ်အမျိုးသားတွေကိုယ်တိုင် မသိကျိုးကျွန်ပြုလာပြီး မဆိုင်သလို မျက်နှာလွှဲလာကြပါတယ်။
ရန်ပွဲကိုဖြန်ဖြေဖို့ ဝင်သွားမိတာဟာ သတ်ကွင်းထဲကို လက်ဗလာနဲ့သွားရသလို ဘယ်သူ့ရဲ့နှုတ်စောင်မမှု လက်စောင်မမှုမှ မရှိခဲ့ပါဘူး။ မျှော်လင့်မိတာက ကိုယ်တိုင် ဝင်မကူနိုင်ရင်တောင် နှုတ်နဲ့ဖြစ်ဖြစ် ဝိုင်းအော်ပေးကြဖို့ ဝိုင်းဟန့်ပေးကြဖို့ ခြောက်လှန့်ပေးကြဖို့ပါ။
အခြေအနေတွေက အမြဲတမ်း မတူညီနိုင်ပေမဲ့ ခါးပိုက်နှိုက် ဦးရေ နည်းပါးချိန်မှာ ကားပေါ်မှာ မှတ်တိုင်မှာ ရှိနေတဲ့ လူအုပ်ကြီးက ဝိုင်းဟန့်ကြရင် အော်ပေးကြရင် သက်သာရာရနိုင်မယ်လို့တော့ မျှော်လင့်မိပါတယ်။
ရန်ကုန်မြို့ဟာ စစ်ပွဲတွေဖြစ်နေတဲ့ ဒေသမဟုတ်သလို မန္တလေးတိုင်းထဲကလို သဘာဝဘေးအန္တရယ်ကြောင့် ဖရိုဖရဲဖြစ်ပြီး အုပ်ချုပ်မှု အစည်းပြေနေတဲ့နေရာလည်းမဟုတ်ဘဲ စကစရဲ့ထိန်းချုပ်မှု လုံးလုံးလျားလျားရှိနေတဲ့မြို့ကြီး ဖြစ်ပါတယ်။
ရန်ကုန်မှာ တောမီး မလောင်ပေမယ့် တောကြောင်တွေကတော့ လက်ခမောင်းခတ်နေကြပါပြီ။
ခါးပိုက်နှိုက်တဲ့ ဗဟန်းသုံးလမ်းနေရာဟာ ကွေ့ကြောမှားနဲ့မီးဝါဖြတ်ယာဉ်ကို စောင့်ဖမ်းဖို့ ယာဉ်ထိမ်းရဲတွေ အမြဲချောင်းမြောင်းစောင့်နေတဲ့ နတ်မောက်လမ်းထိပ်နဲ့ ကပ်ကပ်လေးရှိနေတဲ့ နေရာလည်းဖြစ်ပါတယ်။
မတရားမှုတခု ကိုယ်ရှေ့မှာကြုံလာရင် တတ်နိုင်သလောက် တားဆီးဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်။ မဆိုင်သလိုနေကြရင်ဖြင့် ကိုယ်တိုင်မတရားခံရတဲ့အခါမှ ကူမယ့်သူကိုမျှော်ဖို့ မထိုက်တန်ဘူးလို့ ယုံကြည်ပါတယ်။
အုပ်ချုပ်သူက ကိုယ့်ကိုမကာကွယ်တဲ့အခါ လူတိုင်းက ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ လိုသလို ကိုယ်နဲ့ထိစပ်မှုရှိသလောက်လည်း ဝိုင်းဝန်းပေးကြဖို့ ဆော်သြလိုက်ရပါတယ်။
(ကိုယ်တိုင် ကြုံတွေ့ခဲ့သူ မိတ်ဆွေရင်းတယောက် ရေးပို့တဲ့ စာဖြစ်ပါတယ်။ ဒီစာထဲမှာပါတဲ့ ဝင်ကူခဲ့သူဟာ သူကိုယ်တိုင်ပါပဲ။ သူ့ဆိုရှယ်မီဒီယာကနေ တင်ရင် လုံခြုံရေးစိုးရိမ်ရတာကြောင့် ကျနော် တဆင့်တင်ပေးတာပါ။)