စစ်တပ်ငှားတဲ့ လော်ဘီအဖွဲ့ရဲ့ သမိုင်းကြောင်းတချို့
စစ်ကောင်စီ အမည်ပြောင်း စစ်ကော်မရှင် ငှားလိုက်တဲ့ အမေရိကန် လော်ဘီအဖွဲ့ DCI Group အကြောင်း လိုက်ရှာဖတ်တော့ စိတ်ဝင်စားစရာတချို့ တွေ့မိတယ်။
ဒီဆောင်းပါးကို ရုပ်သံနဲ့လည်း ဒီ Link ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
ဒီအဖွဲ့ကို ၂၀၀၂ ခုနှစ်တုန်းက စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ခင်ညွန့်တို့က 'နအဖ ပုံရိပ်တက်အောင်' လုပ်ဖို့ ကြိုးပမ်းခဲ့ဖူးတာကိုတော့ တချို့ရေးထားတာကို ဖတ်ရပြီး ဖြစ်ပါလိမ့်မယ်။ DCI Group နဲ့ လုပ်လက်စတွေဟာ ၂၀၀၄ မှာ ဗိုလ်ခင်ညွန့် ဖမ်းခံရပြီး နိတ္ထိတံခဲ့တယ်။
DCI Group လို့ပြောရင် သူတို့ အမှုဆောင်ဟောင်း တယောက်ဟာ စစ်အုပ်စုနဲ့ပတ်သက်ခဲ့လို့ ပြဿနာ အကြီးအကျယ်တက်ခဲ့ဖူးပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းက ရီပတ်ပလီကန် အမတ် ဂျွန်မက္ကိန်း သမ္မတလောင်းဝင်အရွေးခံချိန်ဖြစ်ပါတယ်။ DCI Group အမှုဆောင် ဒေါက် ဂွတ်ရီးယား ကို ဂျွန်မက္ကိန်းက ရီပတ်ပလီကန် National Convention ကိုဦးဆောင်ဖို့ ခန့်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် ၂၀၀၂ ခုနှစ်တုန်းက အလုပ်လုပ်ပေးခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာတော့ DCI Group ရဲ့ အမှုဆောင်လည်း National Convention ကနေ အလုပ်ထွက်သွားရပါတော့တယ်။
၂၀၀၈ ခုနှစ်မှာ အဲ့ဒီပြဿနာတွေ တက်တုန်းက DCI Group ရဲ့ ထုတ်ပြန်ချက်က စိတ်ဝင်စားစရာကောင်းပါတယ်။
“လွန်ခဲ့သည့် ခြောက်နှစ်ခန့်က DCI group အနေနဲ့ မြန်မာနိုင်ငံနှင့်တွဲဖက်လုပ်ကိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အမြင်မှား ပြောဆိုမှုများ ရှိခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ကျုပ်တို့အနေနဲ့ ရှင်းရှင်းလင်းလင်းပြောချင်တယ်။ DCI Group ကို မြန်မာအစိုးရတွင်းက moderate ဖြစ်တဲ့ အဖွဲ့တစ်ဖွဲ့က ချဉ်းကပ်ခဲ့တာပါ၊။ ဒီအဖွဲ့ဟာ ဘိန်းကုန်သွယ်မှူတိုက်ဖျက်ရေးနဲ့ မြန်မာနိုင်ငံ အေအိုင်ဒီအက်စ်ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရနဲ့ လက်တွဲလုပ်ဆောင်ရာမှာ အကူအညီရယူဖို့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေရဲ့ သက်ရောက်မှုတွေကိုလည်း မြင်ရပါတယ်။ ဒါကိုအသိအမှတ်ပြုတဲ့အနေနဲ့ DCI Group က “မြန်မာအစိုးရဟာ ယုံကြည်မှုရတဲ့အစိုးတရပ်ဖြစ်ကြောင်း ပြသမှုတွေနဲ့အတူ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးဖို့ သဘောတူတယ်ဆိုရင် အလုပ်တွဲလုပ်ဖို့ လက်ခံမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” လို့ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။
အဲ့ဒီ့ထုတ်ပြန်ချက်ထဲမှာ ထပ်ရေးထားတာက...
“ဒါပေမဲ့လည်း ၈ လလောက် ကြိုးပမ်းအားထုတ်ပြီးချိန်မှာတော့ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရတို့ကြား ဆက်ဆံညှိနှိုင်းဖို့ကိစ္စဟာ မဖြစ်နိုင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့တယ်။ ကျုပ်တို့လည်း ဆက်မလုပ်တော့ဘဲ ရပ်လိုက်တယ်။ အဲ့ဒီတုန်းက ကျုပ်တို့ကို ကမ်းလှမ်းပြိး အလုပ်လုပ်ခဲ့တဲ့ အဲ့တုန်းကအစိုးရတွင်းက သဘောထား မပြင်းထန်တဲ့ အဖွဲ့ဆိုတာလည်း ခု ထောင်ချခံထားရတယ်” လို့ ဆိုတယ်။
တကယ်တော့ ၂၀၀၂ တုန်းကတော့ ဗိုလ်ခင်ညွန့်တို့ ကြိုးပမ်းချက်တွေ အရာမထင်ခဲ့သလို ဘာမှ ဖြစ်မလာခဲ့ပါဘူး။ ခုတကြိမ် မင်းအောင်တို့ရဲ့ စစ်ကော်မရှင်က ပုံစံတူ၊ အချိန်အခါတူ ထပ် ကြိုးစားနေတာကို တွေ့ရတယ်။
အဲ့ဒီတုန်းက အခြေအနေတချို့ဟာ ခုချိန်နဲ့လည်း ချိန်ထိုးကြည့်မိပါတယ်။ DCI Group က စစ်တပ်အတွက် အလုပ်လုပ်ပေးဖို့ ငွေယူတဲ့အချိန်က ၂၀၀၂ ဧပြီလဖြစ်ပါတယ်။ မေ ၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ စစ်တပ်က လွှတ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီတုန်းက DCI Group ရဲ့ ပြောဆိုချက်တွေထဲမှာ မြန်မာနိုင်ငံဟာ AIDS ကပ်ဘေးရောက်နေတဲ့အတွက် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုတာမျိုး ပါပါတယ်။
ခုလည်း စစ်ကိုင်း ငလျင်ကြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေး ဆိုတာကို တွင်တွင်ပြောလာတဲ့ စစ်အုပ်စုက ငှားထားတဲ့ DCI Group လော်ဘီလုပ်ပေးမဲ့ကိစ္စထဲမှာ 'လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး' ဆိုတာ ပါလာတာ တွေ့ရတယ်။
စစ်ဗိုလ်ချုပ်တွေဟာ ၂၀၀၂ ခုနှစ်တုန်းက ပုံစံမျိုးကို ၂၃ နှစ်အကြာ ဒီနေ့ ၂၀၂၅ ခုနှစ်မှာ ထပ်ကြိုးစားတာပါပဲ။ စစ်ကိုင်းငလျင်နဲ့အတူ အခြေအနေအချိန်အခါတွေကလည်း ကိုက်ညီနေတာမျိုး တွေ့ရတယ်။ ၂၀၀၂ ခုနှစ်တုန်းကလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရော လွတ်လာနိုင်သလား။ ဒါမှမဟုတ် ရွေးကောက်ပွဲအတွက် စစ်အုပ်စုရဲ့ နောက်ထပ်ခြေလှမ်းတွေထဲက တခုလား။
မြတ်ကျော်သူ ရေးသားပြီး ယုဇနမင်းမင်းနိုင် တည်းဖြတ်သည်။
စကားချပ် - ဒီအကြောင်းကို Justice for Myanmar က ထုတ်ပြန်ချက်ရေးထားတာလည်း ရှိပါတယ်။ အဲ့ဒီထုတ်ပြန်ချက်အောက်က ကွန်မင့်တွေထဲတော့ ဒီစာချုပ်တွေ အပြင်ကို ပေါက်လာစရာမရှိဘူးစသဖြင့် အုံနဲ့ကျင်းနဲ့ ဝင်ရေးကြတာ တွေ့တယ်။ လူတွေကို ဝေဝါးအောင် လုပ်ကြတာပါ။ တကယ်က အမေရိကန်အစိုးရ နိုင်ငံခြား ကိုယ်စားလှယ်များ မှတ်ပုံတင်ရေး အက်ဥပဒေ (FARA) အရ ဒီလိုအချက်အလက်တွေကို လူအများကြည့်နိုင်အောင် ထုတ်ပြန်ပါတယ်။
၂၀၀၃ ခုနှစ်တုန်းက ထုတ်ပြန်ချက်ကို ဒီ Link ကိုနှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။ စာမျက်နှာ ၂၇၉ မျက်နှာရှိပါတယ်။ မြန်မာနဲ့ပတ်သက်လို့ ကြည့်ချင်ရင် စာမျက်နှာ ၂၀၀ ကို တန်းကြည့်နိုင်ပါတယ်။ DCI Group က အဲ့ဒီတုန်းက နအဖ SPDC အတွက် အလုပ်လုပ်တယ်ဆိုတဲ့ အချက်ကိုတော့ နောက်ဆက်တွဲ A-9 မှာ ကြည့်နိုင်ပါတယ်။