မေးချင်နေတဲ့ မေးခွန်းတချို့...
ဒီနှစ်အစောပိုင်းက Friends Only နဲ့ ရေးထားခဲ့ဖူးတဲ့ စာတချို့ပါ။ ခုအခြေအနေ အချိန်အခါနဲ့ ကိုက်နေတာက တကြောင်း၊ အချိန်တန်ပြီဆိုတာက တကြောင်း Public မှာရေးဖို့ အကြောင်းဖန်လာပါတယ်။

ပထမဆုံးအကြောင်းအရာက 'တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်၊ သိမ်းပိုက်ထားသည့် မြို့' ဆိုတဲ့အသုံးအနှုန်းနဲ့ ပတ်သက်လို့ပါ။
ဒီအသုံးအနှုန်းကို အသံထွက် ဖတ်ကြည့်ပါ။ 'တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်၊ သိမ်းပိုက်ထားသည့် မြို့'။ မညာတမ်းဝန်ခံရရင် ကျနော်ခံစားရတာက ကိုယ့်ဘက်ကအဖွဲ့တွေ သိမ်းထားတဲ့မြို့၊ အထူးသဖြင့် တော်လှန်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို လိုလားသူတွေ သိမ်းပိုက်ထားတဲ့မြို့တွေလို့ ခံစားရပါတယ်။
တကယ့်အမှန်က အဲ့ဒီအတိုင်းမှ မဟုတ်တာပဲ။ အာရက္ခတပ်တော် (အေအေ) သိမ်းပိုက်ထားတဲ့မြို့တွေဟာ 'တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့မြို့' လို့ ရောချလို့ မရပါဘူး။
ဦးဆောင်သူတွေ၊ ခေါင်းဆောင်တွေ ခဏထားပြီး ပြည်သူတယောက်အနေနဲ့ပဲ ဆင်ခြင်ကြည့်ကြည့်ပါ။ ရခိုင်မှာ အေအေ သိမ်းပိုက်ထားတဲ့မြို့ဟာ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်နိုင်ငံထဲကလို့ ခံစားရပါသလား။ ရခိုင်လူမျိုးတွေကလွဲရင် ကျန်တဲ့လူတွေ မခံစားရနိုင်ပါဘူး။
အဲ့ဒီလိုပဲ လားရှိုးကို ကိုးကန့်က သိမ်းတော့ 'တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့မြို့' ထဲ လားရှိုးကို ထည့်ကြတယ်ပေါ့။ ကိုယ်တိုင် တော်လှန်ရေးကို ထောက်ပံ့နေသူ၊ ကလစ်နေသူ၊ တနည်းမဟုတ် တနည်းနဲ့ ကူညီပါဝင် ထောက်ပံ့နေသူဆိုရင် လားရှိုးကို ကိုးကန့်တပ် လက်အောက်ထဲ ရောက်သွားတာကို 'ငါတို့ တပ်ဖွဲ့တွေကတော့ လားရှိုးကို သိမ်းပိုက်လိုက်နိုင်ပြီ' လို့ ခံစားရပါသလား။
(မဖြေတော့ဘဲ မေးခွန်းအနေနဲ့ ထားခဲ့ပါမယ်)
ကျနော်ကတော့ 'စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးသွားတဲ့ မြို့' တွေလို့သာ ခေါ်ချင်တယ်။ ဒါမှမဟုတ် 'အဖွဲ့အသီးသီးက သိမ်းပိုက်ထားတဲ့ မြို့' ဆိုတာမျိုးပါ။ အသုံးအနှုန်းအင်မတန် အရေးကြီးပါတယ်။
ပြောရရင် 'တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့မြို့' ဆိုတဲ့အသုံးဟာ တစုံလုံးကို ခြုံလိုက်ပြီး အားလုံးနဲ့ဆိုင်တယ်လို့ ခေါင်းစဉ်တပ်ပစ်တာလို့ ခံစားမိတယ်။ ကျနော်ကတော့ ဒီစကားလုံးကို ခဏခဏ သုံးနေတဲ့ နိုင်ငံရေးသမားတွေကို ပြည်သူကို တနည်းနည်းနဲ့ လှည့်စားနေတယ်လို့ပဲ မြင်ပါတယ်။
ဒါကြောင့် ပြည်သူကနေ ထောက်ပံ့ထားတဲ့ ငွေနဲ့ လူထုတစုံလုံးအတွက် ပြောလို့ရတဲ့ 'တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့မြို့' လို့ ယုံယုံကြည်ကြည်ပြောနိုင်တဲ့ မြို့ ဘယ်နှမြို့ရှိပါသလဲ။
◼︎
နောက်တခုကတော့ အန်ယူဂျီနဲ့ ပတ်သက်လို့ ကျနော် ဒီရက်ထဲ မိတ်ဆွေတွေကို လိုက်မေးဖြစ်တဲ့ အကြောင်းအရာပါ။
ပြီးခဲ့တဲ့နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းက အသိအကျွမ်းတဦးရဲ့ ဆောင်းပါးတပုဒ် အောက်မှာ အပြန်အလှန်ငြင်းခုံနေကြတာ တွေ့ပါတယ်။ အဲ့ဒါက အန်ယူဂျီ အမ်အိုဒီ အောက်မှာ စစ်ပုံကျတဲ့ စနစ်တကျရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ပြပါဆိုရင် ဘယ်အဖွဲ့ကို ပြမလဲ ဆိုတာပါ။ အဲ့ဒီအောက်မှာ အများစုပြောကြတာက မန္တလေး ပီဒီအက်ဖ်ကို ထိုးပြကြပါတယ်။
တပ်ရင်း ၃၀၀ ရှိတာတွေ၊ လေယာဉ်ပစ်တွေ သိမ်းထားတယ်ဆိုတာတွေ၊ တလှိုင်းပြီး တလှိုင်းလာမယ် ဆိုတာတွေ၊ အရေးတော်ပုံ အောင်နေပြီဆိုတဲ့ 'အောင်စိတ်မြှင့်ပေးတယ်' ဆိုတဲ့ စကားလုံးတွေကို သတင်းထောက်တယောက်အနေနဲ့ မယုံပါ။ ဒါကြောင့် လက်တွေ့ကျတဲ့ မေးခွန်းကိုပဲ မေးနိုင်ဖို့ ကြိုးစားပါတယ်။
"အန်ယူဂျီ အမ်အိုဒီ အောက်မှာ စစ်ပုံကျတဲ့ စနစ်တကျရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ပြပါဆိုရင် ဘယ်အဖွဲ့ကို ပြမလဲ"။ ဒီမေးခွန်းကို ကျနော်သိတဲ့ သတင်းထောက်တွေ၊ တော်လှန်ရေးထဲက မိတ်ဆွေတွေကိုလည်း မေးပါတယ်။
"ဟို မန္တလေး ပီဒီအက်ဖ် မဟုတ်ဖူးလား" "မန္တလေး ပီဒီအက်ဖ် လားလို့လေ" ဆိုတာမျိုး မသေမချာ မရေမရာနဲ့ ဖြေကြပါတယ်။
တယောက်ကတော့ ပြောပါတယ်။ မန္တလေး ပီဒီအက်ဖ်ဟာ သီးခြားရပ်တည်နေတဲ့ အဖွဲ့ဖြစ်နေပြီ၊ ဒါပေမဲ့ ပြည်သူတွေအမြင်မှာ အန်ယူဂျီ အမ်အိုဒီ အောက်မှာပဲ ရှိနေသလို လုပ်ထားတယ်လို့ နားလည်တယ်လို့ ပြောပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေး ပီဒီအက်ဖ်ရဲ့ ပဲ့ကိုင်ရှင်တွေရဲ့ အရေးအသားအရလည်း မန်း ပီဒီအက်ဖ်ဟာ အန်ယူဂျီအောက်က ဟုတ် မဟုတ် သေချာစေတဲ့ အရေးအသားတွေပါပဲ။ ပြီးတော့ မန်းပီဒီအက်ဟာ အခွန်၊ ရရှိငွေတွေကို ဘယ်လိုပုံစံ စီမံခန့်ခွဲနေသလဲ၊ ဦးရည်မွန် အမိန့်ကို တကယ်လိုက်နာသလား။
ကျနော်လည်း မန်း ပီဒီအက်ဖ်ဟာ TNLA လို MNDAA လို သီးခြားရပ်တည်နေတဲ့အဖွဲ့လို့ပဲ နားလည်ထားပါတယ်။ (ကျနော် နားလည်ထားပုံပါ၊ မှားရင် ထောက်ပြကြပါ)
ဒါဆို "အန်ယူဂျီ အမ်အိုဒီ အောက်မှာ စစ်ပုံကျတဲ့ စနစ်တကျရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ပြပါဆိုရင် ဘယ်အဖွဲ့ကို ပြမလဲ"....။ ဒါဆို ပြည်သူတွေ ထောက်ပို့နေတဲ့ ငွေတွေနဲ့ တကယ် စနစ်တကျ တည်ဆောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရက အပြည့်အဝ ထိန်းချုပ်ထားတဲ့ အဖွဲ့က ဘယ်အဖွဲ့လဲ။
◼︎
လာမယ့် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းထားတာ ၅ နှစ်ပြည့်မှာပါ။ ဒါကြောင့် နောက်ထပ် မေးခွန်းတခုကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒီ ၅ နှစ်အတွင်း အကြီးမားဆုံး အောင်မြင်မှုကိုဆိုရင် ဘယ်တခုကို လက်ညှိုးထိုးပြမလဲ ဆိုတာပါပဲ။
တော်လှန်ရေး စကတည်းက ကျနော်တတ်နိုင်သလောက် အန်ယူဂျီ အမ်အိုဒီ အောက်ကရော အပြင်ကရော သီးခြားအဖွဲ့တွေရော တချို့အဖွဲ့တွေ ရာချီ၊ တချို့အဖွဲ့တွေ ထောင်ချီ ရှာပေးခဲ့ပါတယ်။ ကျန်းမာရေးအရရော၊ စားနပ်ရိက္ခာအတွက်ရော စသဖြင့် အစုံပါပဲ။ ဒီ မေးခွန်းတွေကို သိသင့်တယ်ထင်လို့ မေးပါတယ်။