“Dead Body ထည့်တဲ့အိတ်တွေ လိုတယ်ဟေ့” ဆို အဖွဲ့တွေက အိတ်တွေ ရာထောင်ချီဝယ်သွားကြတယ်။ "မဟုတ်ဘူး ရေသန့်ပိုလိုနေတာ ပို့ပါဦး” ဆို ရေသန့်တွေ ကားစီးတိုက် သယ်ကြပြန်တယ်။
ကဲ တခါ “ငွေသားပဲလိုတာ ပစ္စည်းတွေ လာပေးလို့ ဘာလုပ်ရမှာလဲ” ဆိုပြန်တော့ ပိုက်ဆံတွေကို စာအိတ်လေးတွေနဲ့ထည့်လို့ ပေးဖို့ကြိုးစားပြန်တယ်။
အဖြစ်အပျက်တွေ အားလုံးကို ခြုံကြည့်လိုက်ရင် ပြည်သူကနေ ပြည်သူကိုပဲ ကူညီနေကြတာ တွေ့ပါလိမ့်မယ်။ 'ပြည်သူမှ ပြည်သူသို့'။
'ပြည်သူအချင်းချင်း ကူညီရမယ်' ဆိုတယ်။ ရုတ်တရက်ကြည့်ရင် ဒါက မှန်သလိုပဲ။ ဒါပေမဲ့ ပြည်သူမှ ပြည်သူသို့ဆိုတာ အစိုးရ၊ အုပ်စိုးသူ အသုံးမကျတဲ့အခါ၊ အစိုးရကို ပြည်သူက အားကိုးလို့ မရတဲ့အခါမှသာ ပြည်သူမှ ပြည်သူသို့ ဖြစ်ပါတယ်။
ပြည်သူကို ကြည့်တဲ့အစိုးရ၊ ပြည်သူက အားကိုးလို့ရတဲ့အစိုးရဖြစ်နေရင် ဒါတွေမလိုပါ။
အင်းဝ ဟေ့၊ အမရပူရ ဟေ့၊ ဟော စိန်ပန်းတဲ့ ဟေ့။ သိနားလည်သူတွေရော မသိနားမလည်သူတွေရော အကုန်လုံးဝင်ပြောကြ၊ တချို့လည်း အကြံပေးကြ၊ ဆော်ဩကြတယ်။ တချို့ တတ်နိုင်တာ ဝင်လုပ်ကြတယ်။
ဘာတွေလုပ်သင့်တယ်၊ ဘာတွေတော့ မလုပ်သင့်ဘူး၊ ကြားတဲ့သူလည်းကြား မကြားတဲ့သူလည်း မကြား၊ ဟုတ်တာတွေရော မဟုတ်တာတွေရော၊ ရှေ့ဖြစ်ဟောတွေရော၊ လုပ်သင့်တာတွေရော မလုပ်သင့်တာတွေရော။
ဟော အလှူပေးတဲ့အဖွဲ့တွေကို ဝင်လုကြတယ် ဆိုတာတွေ၊ တချို့နေရာတွေ ပေါ်တင် ဓားပြတိုက်နေတယ်ဆိုတာတွေ၊ တကယ် ဒုက္ခ မရောက်ဘဲ ဝင်ယူကြတာတွေ၊ တကယ်ရောက်သင့်တဲ့နေရာ မရောက်ဘဲ တနေတည်း စုပုံနေတာတွေ၊ ခုချိန်ထိ မဖော်ရသေးတဲ့ အလောင်းတွေ၊ စုပုံနေဆဲ အုတ်ပုံကြီးတွေ။
နေစရာအိမ် မရှိတော့လို့ ကိုယ့်အိမ်လေး ပြိုကျတော့မှာ စိုးလို့ လမ်းပေါ်၊ ပလက်ဖောင်းပေါ် အိပ်နေကြရတဲ့ လူ ရာထောင်ချီ ဒုက္ခရောက်နေတာကိုကြည့်ပြီး အင်မတန် စိတ်မချမ်းသာ ဖြစ်ရပါတယ်။
ရုရှားဆေးရုံတဲ့ဟေ့ တယောက်ရှဲတယ်။ လူတွေက ကူညီပြီး ပျံ့နှံ့အောင် ရှဲပေးကြတယ်။ တရုတ်တဲ့ဟေ့၊ အိန္ဒိယတဲ့ဟေ့၊ ဘယ်သူမှ အတိအကျ မသိကြဘူး။ အရိုးကျိုးနေတဲ့လူ ဘယ်ပြေးရမလဲ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တော့မယ် ဘာတွေစီစဉ်ထားသလဲ။
တနေ့က Structural Engineer နဲ့ အင်တာဗျူးတော့ ငလျင်ဒဏ်မိပြီး မပြိုသေးတဲ့အိမ်တွေ ဆက်နေသင့် မနေသင့် မေးဖြစ်ပါတယ်။ ပြိုသွားတဲ့လူတွေ လမ်းပေါ်အိပ်နေကြရတယ်၊ ကိုယ့်အိမ်ပြိုလေမလား မသိနိုင်ဘဲ အက်ကြောင်းရာတွေနဲ့ စိုးတထင့်ထင့်အိပ်နေကြရသူတွေ ဘယ်လောက်များ ရှိနေလိမ့်မလဲ။
ပညာရပ်ပိုင်းဆိုင်ရာဖြစ်လို့ ဒါတွေကို သာမန်လူတွေ မသိနိုင်၊ ကျွမ်းကျင်သူတွေက လာကြည့်ပြီး ဘယ်အိမ်ကတော့ မနေသင့်ဘူး၊ ဘယ်အိမ်ကတော့ နေသင့်တယ်၊ ဘယ်အိမ်ကတော့ အန္တရယ်ရှိအဆောက်အအုံ စသဖြင့် သတ်မှတ်ပေးရမယ်လို့ ကျွမ်းကျင်သူက ဆိုတယ်။
ဒါပေမဲ့ ဘယ်သူ စစ်ဆေးပေးနေသလဲ၊ မရှိပါ။ ကိုယ်ထူကိုယ်ထ ကျွမ်းကျင်သူတွေ လိုက်လုပ်နေရတယ်။ လမ်းပေါ် တက်အိပ်နေရတဲ့လူအုပ်ကြီးအတွက် ဘာတွေ ပြင်ဆင်ထားသလဲ၊ နေဖို့ မသင့်တော့တဲ့အိမ်မှာ ဆက်နေရသူတွေအတွက် ဘာအစီအစဉ်ရှိသလဲ။ မသိ၊ နတ္ထိ၊ မရှိ။
ဟော ခု မိုးရွာပြီ၊ ကြို မပြင်နိုင်ခဲ့ကြပါဘူး။ ငလျင်လှုပ်မယ်ဆိုတာ ကြို မသိနိုင်ပေမဲ့ မိုးရွာမယ်ဆိုတာ ကျနော်တို့ ကြိုသိနိုင်ပါတယ်။
ဘာဖြစ်နေတာဆိုတော့ ဦးဆောင်သူ မရှိဘူး၊ ဦးဆောင်တဲ့ အဖွဲ့ မရှိဘူး၊ Guidelines မရှိဘူး၊ ဘာပြီးရင် ဘာလုပ်ရမလဲဆိုတာ ဘယ်သူမှ မသိဘူး။ သိတဲ့လူတွေလည်း မကူနိုင်ကြဘူး။ ဘယ်ဟာမှ စနစ်တကျ မရှိလေတော့ ငလျင်လှုပ်ပြီးတာ တပတ်ကျော်ပါပြီ၊ ခုထိ ဘယ်နေရာမှာ ဘာလိုနေမှန်း အတိအကျ မသိရသေးပါဘူး။ လူတွေမှာ ဟိုနားလေး လိုက်ကူပေးရ၊ ဒီနားလေး လိုက်ကူပေးရ။
ဒါကိုပဲ ပြည်သူက ပြည်သူကို ကူရမယ်ဆိုရင် ဘယ်ဖြစ်နိုင်မလဲ။ တနေ့က ရေးထားတာတခု တွေ့မိတယ်။ ကင်ဆာဖြစ်နေတာကို ပရုပ်ဆီလိမ်းပေးသလို ဖြစ်နေတယ်ဆိုတာပါ။
ဘယ်သူ့မှ အပြစ်လိုက်ပြောမနေနနဲ့ အချင်းချင်း ကူညီရအောင်လို့ဆိုကြပြန်တယ်။ အချင်းချင်း ဘယ်လောက်ထိ ကူညီနိုင်မလဲဆိုတာ ရှိပါတယ်။ အုပ်ချုပ်တဲ့အဖွဲ့ကြီး တခုလုံး မှားနေတာ၊ စနစ်ကြီးတခုလုံး လွဲမှားနေတာ မြင်ကြစေလိုရင်းဖြစ်ပါတယ်။
ဟော ခု တနိုင်တပိုင် ကူညီကယ်ဆယ်ရေး လုပ်နေသူတွေကိုတောင် လိုက်ပြီး တင်းကျပ်နေပြီ။ ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ။
ခုက ရေသန့်ဝေ၊ ခေါက်ဆွဲခြောက်ဝေတဲ့အဆင့် မဟုတ်တော့ဘူး။ ကူတဲ့လူတွေလည်း ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ ဒါ... ကူနေတဲ့လူတွေ အပြစ်မှ မဟုတ်တာ။ ဒါဟာ နိုင်ငံတော်အဆင့် (National Level) ကနေ ထိန်းချုပ်လုပ်ရမဲ့အလုပ်တွေပါ။ လူတွေ တနိုင်တပိုင် လိုက်ကူရမဲ့ အဆင့်မျိုးမှ မဟုတ်တော့တာ။
နောက်တကြိမ် ငလျင်ဖြစ်လာရင်ရော...
နောက်တကြိမ် မုန်တိုင်းကြီး တိုက်ခဲ့ရင်ရော....
နောက်တကြိမ် နောက်တကြိမ်ရော....