ကေ သုံးလုံး၊ ဦးထုပ်ချွန်နဲ့ Inquisition
ဒီအဖွဲ့ကို စဖွဲ့စဉ်ကတော့ ဘုရင့်သြဇာကို ဘာသာရေးဘက်ကနေ တည်ဆောက်ပေးဖို့နဲ့ ကွဲပြားနေတဲ့ ဘာသာဝင်တွေကို ထိန်းကြောင်းတည့်မတ်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့...
လျှို့ဝှက်ဂိုဏ်းကြီးတွေ၊ ယဇ်ပူဇော်တဲ့ အဖွဲ့ကြီးတွေ အကြောင်းပါတဲ့ ဟောလိဝုဒ် ရုပ်ရှင်တွေကြည့်ရင် မပါမဖြစ် မြင်ရတာ တခုရှိပါတယ်။ အဲ့ဒါက မျက်လုံးနေရာကို အပေါက်ဖောက်ထားတဲ့ ထိပ်ချွန်ဦးထုပ်ရှည်ကြီးတွေ ဆောင်းထားကြတဲ့ လူတွေပါ။
မီးခိုးလုံးတွေ တလိမ့်လိမ့်တက်နေပြီး နောက်ခံတီးလုံး ခြောက်ခြောက်ခြားခြားနဲ့ ဒီ ထိပ်ချွန်ဦးထုပ်ရှည်ကြီးတွေပါလာရင် ဒါဟာ ဒိဋ္ဌိဂိုဏ်း၊ ဘုရားမဲ့ဝါဒီ၊ လျှို့ဝှက်ဆိုတဲ့ အဓိပ္ပါယ်ပေါက်အောင် ဟောလိဝုဒ်က ရိုက်ပြလေ့ရှိပါတယ်။
ဒီ ထိပ်ချွန်ဦးထုပ်ရှည်တွေကို မြင်လိုက်ရင် အဲ့ဒီ အဓိပ္ပါယ်တွေကို မြင်လာအောင် ပုံဖော်တယ်လို့ ကျနော် နားလည်ပါတယ်။ ဒီဦးထုပ်တွေမှာ အရောင်ကွဲပြားမှုတွေ အများကြီးရှိပါတယ်။ ဟောလိဝုဒ်ထဲ အတွေ့ရများတာကတော့ အနက်ပါ။
ဒီ ထိပ်ချွန်ဦးထုပ်ကို အဖြူရောင် ဆောင်းပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အဖွဲ့တဖွဲ့ရှိပါတယ်။ ကု-ကလပ်စ်-ကလန် (Ku Klux Klan) ပါ။ အတိုကောက် ကေကေကေ လို့ လူသိများကြပါတယ်။ အမေရိကန် ပြည်တွင်းစစ်အပြီး ပေါ်လာတဲ့အဖွဲ့ဖြစ်ပြီးတော့ လူဖြူနိုင်ငံတော်သစ်တည်ထောင်လိုသူတွေ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
အလွယ်ခေါ်ရရင် လူဖြူကြီးစိုးရေး အစွန်းရောက် အမျိုးသားရေးဝါဒီတွေပေါ့။ ပြည်တွင်းစစ်အပြီး လူမည်းတွေနေရာရလာတာကို လုံးဝဆန့်ကျင်သူတွေဖြစ်ပြီး လူမည်းအခွင့်အရေး လုပ်သူတွေ၊ နိုင်ငံရေးသမားတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်တဲ့အဖွဲ့ပါ။
လူမည်းတွေကို လူမည်းဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးပြီး ကြိမ်နဲ့ရိုက်တာ၊ အိမ်တွေကို မီးရှို့တာ၊ ခြိမ်းခြောက်တာတွေကို ၁၈၆၅ ကနေ ၁၈၇၂ လုပ်ခဲ့ပါတယ်။ ၁၉၁၅ နောက်ပိုင်းမှာ သူတို့က လူမည်းတွေတင် မကတော့ဘဲ ဂျူးတွေ၊ ကက်သလစ်တွေနဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို တိုက်ခိုက်လာခဲ့ပါတယ်။
၁၉၁၅ နောက်ပိုင်းမှာ သူတို့အဖွဲ့ဝင်ပေါင်း ၃ သန်းကနေ ၆ သန်းကြား ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အဲ့ဒီတုန်းကဆိုရင် လက်ဝါးကပ်တိုင်တွေကို မီးရှို့တာ၊ ထိပ်ချွန်ဦးထုပ်ကြီးတွေ ဆောင်း၊ မီးတုတ်ကြီးတွေကိုင်ပြီး စီတန်းလှည့်လည်၊ လမ်းလျှောက်ချီတက်တာမျိုးတွေ လုပ်လေ့ရှိပြီး အင်မတန် နာမည်ကြီးပါတယ်။
ဒီအဖွဲ့က ၁၉၄၆ ခုနှစ်နောက်ပိုင်းမှာ သူတို့ ဦးတည်တိုက်ခိုက်တဲ့ပုံစံ ပိုပြီး ကျယ်ပြန့်လာပါတယ်။ လူမည်းတွေတင် မကတော့ဘဲ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ လူနည်းစုတွေကို ဦးတည်တိုက်ခိုက်လာခဲ့ပါတယ်။ ဗုံးဖောက်ခွဲတာ၊ ခြိမ်းခြောက်စာပို့တာတွေထိ ရှိလာတယ်။
၁၉၄၆ နောက်ပိုင်းမှာ အဖွဲ့ဝင်ဦးရေက ၅ ထောင်လောက်ထိပဲ ကျန်တော့တယ်လို့ ခန့်မှန်းကြပြီးတော့ အဖွဲ့လည်း ဖရိုဖရဲဖြစ်သွားတယ်လို့ ဆိုကြပေမဲ့ ခုချိန်ထိတော့ သူတို့ကို ထောက်ခံသူတွေ အများကြီးရှိကြပါသေးတယ်။
လူမည်းမုန်းတီးရေး၊ လူနည်းစု မုန်းတီးရေးနဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို အုပ်စုဖွဲ့ ဂိုဏ်းကြီးဖွဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုလုပ်တာ ဒီ ကေကေကေအဖွဲ့က ပထမဆုံးပဲလို့ ဆိုနိုင်ပါလိမ့်မယ်။
ဒါကြောင့် အမေရိကန်တွေတင်မကဘဲ ကမ္ဘာသူ ကမ္ဘာသားအများစုက ဒီ ထိပ်ချွန်ဦးထုပ် အဖြူရောင်ဆောင်းထားသူတွေမြင်ရင် ကေကေကေနဲ့ပဲ အမြဲတွဲမြင်ကြလေ့ရှိပြီး အကြမ်းဖက် အစွန်းရောက် အမျိုးသားရေးဝါဒီတွေကို ပြေးမြင်ကြမြဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဒီအဖွဲ့လုပ်ရပ်တွေကို အကြမ်းဖက်လုပ်ရပ်တွေအဖြစ် သတ်မှတ်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် FBI နဲ့ တချို့ ဒေသဆိုင်ရာ အစိုးရတွေက သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ အဖွဲ့အစည်းကို ဖျက်သိမ်းပစ်ဖို့ အမိန့်ထုတ်တာမျိုးတော့ မရှိပါဘူး။ အဖွဲ့ကြီးက တရားဝင် ပျက်သွားတယ်လို့ မဆိုနိုင်ပေမဲ့ ဒီ ထိပ်ချွန်ဦးထုပ်ကြီးတွေနဲ့ စီတန်းလှည့်လည်တာမျိုးကိုတော့ မမြင်ရတော့ပါဘူး။
ဒါပေမဲ့ ဒီလို ထိပ်ချွန်ဦးထုပ်တွေကိုဆောင်းပြီး စီတန်းလှည့်လည်နေဆဲ နိုင်ငံတနိုင်ငံ ရှိပါတယ်။ အဲ့ဒါကတော့ စပိန်နိုင်ငံပါပဲ။
မြန်မာနိုင်ငံမှာ သင်္ကြန်ကျတဲ့အချိန်ဟာ စပိန်နိုင်ငံမှာတော့ ဘာသာရေးအရ အင်မတန် နာမည်ကြီး အရေးပါတဲ့ သန့်ရှင်းသော ရက်သတ္တပတ် (Holy Week) ဖြစ်ပါတယ်။
စပိန်ဘာသာစကားမှာတော့ ဆေမားနား ဆန်တာ (Semana Santa) လို့ခေါ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ စပိန်ဘာသာစကားအတိုင်း ဆေမားနား ဆန်တာ လို့ပဲ သုံးနှုန်းသွားပါမယ်။
ဒီ သန့်ရှင်းသော ရက်သတ္တပတ်မှာ သံလွင်ခက် တနင်္ဂနွေနေ့ (Palm Sunday)၊ နောက်ဆုံးညစာစားပွဲကျင်းပသော သန့်ရှင်းသော ကြာသပတေးနေ့ (Maundy Thursday)၊ ခရစ်တော် ကားတိုင်တင် အသေခံသောနေ့ (Good Friday)၊ ရှင်ပြန်ထမြောက်ရာ တနင်္ဂနွေနေ့ (Easter Sunday) တို့ပါဝင်ပါတယ်။ (ရှင်ပြန်ထမြောက်ရာနေ့ ပါ မပါဆိုတာနဲ့ ပတ်သက်ပြီး ကွဲပြားမှုတချို့တော့ ရှိပါတယ်)
ကက်သလစ်ခရစ်ယာန် စပိန်နိုင်ငံသားတွေဟာ ဒီရက်သတ္တပတ်ကို ဘာသာရေးအရ အလွန် အထွဋ်အမြတ်ထားကြပါတယ်။ မြို့ကြီးတွေမှာ ယေရှုခရစ်တော်ရုပ်တုကို ခန်းနားလှပလွန်းတဲ့ ပလ္လင်ပေါ်တင်ပြီး အထင်ကရလမ်းမကြီးတွေပေါ် လှည့်လည် အပူဇော်ခံပါတယ်။
မာဒရိ (Madrid) မြို့က နိုင်ငံရဲ့ မြို့တော်ဖြစ်ပေမဲ့လို့ ဒီ ဆေမားနား ဆန်တာ ပွဲတော်ကို အကြီးဆုံးနဲ့ အခန်းနားဆုံး ကျင်းပတာက ဆေဗီးယာ (Sevilla) မြို့ပါပဲ။ (ဘောလုံးပရိသတ်တွေဆိုရင်တော့ ဆီးဗီးလားလို့ သိကြမှာပါ)
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆေမားနား ဆန်တာ ကျင်းပနေတဲ့ ဆေဗီးယာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျနော် ရောက်နေခဲ့ပါတယ်။ မာဒရိမြို့မှာ ကျနော် ဒီပွဲကို ၃ နှစ်ဆက်တိုက် မြင်ဖူးတဲ့အတွေ့အကြုံရှိပေမဲ့ ဆေဗီးယာကတော့ အင်မတန်ထူးခြားတဲ့ ခံစားမှုကို ပေးပါတယ်။
ကားစင်ကို ထမ်းထားတဲ့ ယေရှုခရစ်တော်ရုပ်တုကို တင်ထားတဲ့ ပလ္လင်ရဲ့ ကနုတ်လက်ရာဟာ အံ့သြဘနန်းပါပဲ။ နောက်ကနေ တီးမှုတ်နေတဲ့ တီးဝိုင်းရဲ့ သံစဉ်ကို ကျနော် တခါမှ မကြားဖူးပါဘူး။ မာဒရိမြို့မှာလည်း ဒီလိုတီးမှုတ်ကြပေမဲ့ ဆေဗီးယာမှာ ကြားရတဲ့ သံစဉ်ဟာ ပိုပြီး ကြက်သီးထဖွယ် ခံစားမှုကို ရပါတယ်။
ခရစ်တော်ရုပ်တုကို ထမ်းသယ်ကြသူတွေနဲ့ အရှေ့အနောက်မှာတော့ ထိပ်ချွန်ဦးထုပ်ဆောင်းထားတဲ့ လူတွေချည်းပါပဲ။ သူတို့ကို စပိန်ဘာသာစကားမှာတော့ အယ်မန်ဒါး (Hermandad) လို့ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ Brotherhood ပါ။
ဒီစကားလုံးကို မြန်မာလို ဘယ်လိုပြန်ကြသလဲ ကျနော် မသိပါ။ သိကြသူ ခရစ်ယာန်ဘာသာဝင် မိတ်ဆွေတွေ ပြောခဲ့နိုင်ပါတယ်။
ဒီမှာ ကျနော် မြင်ခဲ့တဲ့ ဦးထုပ်တွေက ကြက်သွေးရောင် ရင့်ရင့်ဖြစ်ပါတယ်။ အဖြူရောင်၊ ပန်းနီရောင်၊ အပြာရင့်ရင့် အမျိုးမျိုး ရှိပြီးတော့ Brotherhood အဖွဲ့အလိုက် အရောင်ကွဲတွေ ဝတ်ကြပါတယ်။
ညသန်းခေါင်နားနီး ၁၁ နာရီခွဲလောက်မှာတော့ ဆေဗီးယာမြို့လယ်က ပန်းခြံဘေးမှာ အတီးအမှုတ် ဘာမှ မပါဘဲ ထိပ်ချွန်ဦးထုပ်အနက်ရောင်တွေ ဆောင်းပြီး အသံတိတ် လှည့်လည်တာကိုလည်း တွေ့ရပါတယ်။ ရုတ်တရက်ဆိုရင် ကြက်သီးမွှေးညှင်းထစရာ မြင်ကွင်းပါပဲ။
(သံစုံတီးပြီး လှည့်လည်ကြပုံတွေ၊ ညဘက် မြင်ကွင်းတွေကိုတော့ YouTube မှာ အပြည့်အစုံ တင်ပေးပါ့မယ်)
ဆေးမားနား ဆန်တာမှာဆောင်းတဲ့ ဒီဦးထုပ်တွေ ဘယ်ကနေ စတာလဲဆိုတာကို သိဖို့တော့ ၁၅ ရာစု စပိန်သမိုင်းရဲ့ ကြမ်းတမ်းတဲ့ နေ့ရက်တွေဆီ ပြန်သွားမှ ရပါလိမ့်မယ်။ အဲ့ဒါကတော့ Spanish Inquisition အဖွဲ့ကြီးအကြောင်းပါပဲ။
စပန်းနစ်ရှ် အင်ကွီဇစ်ရှင်း (Spanish Inquisition) ကို တချို့ မြန်မာစာတွေမှာတော့ ‘စပိန်ရှာဖွေမှု’ ဆိုပြီး ပြန်ထားတာ တွေ့ရပါတယ်။ တချို့လည်း ‘စပိန်စုံစမ်းစစ်ဆေးခြင်း’ ဆိုပြီး ပြန်ကြတာလည်း တွေ့ပါတယ်။ ထိမိတဲ့ဘာသာပြန်မှုမျိုး မတွေ့မိသေးပါ။
ဒီအဖွဲ့ကြီးဟာ ၁၄၇၈ ခုနှစ်ကနေ ၁၈၃၄ ခုနှစ်ထိ နှစ်ပေါင်း ၃၅၀ တန်ခိုးထွားခဲ့တဲ့ ဘာသာရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ကြီး ဖြစ်ပါတယ်။
ဘာသာရေးဆိုင်ရာ အာဏာပိုင်လို့ သုံးရတာကတော့ ဒီအဖွဲ့ကို စဖွဲ့ဖွဲ့ခြင်း ပုပ်ရဟန်းမင်းကြီးက အသိအမှတ်ပြုပေးခဲ့တာပါ။ ဒါပေမဲ့ ဗာတီကန်ကနေ ထိန်းချုပ်တာ မဟုတ်ဘဲ စပိန်ဘုရင်က ထိန်းချုပ်ပါတယ်။
ဒီအဖွဲ့ကို စဖွဲ့စဉ်ကတော့ ဘုရင့်သြဇာကို ဘာသာရေးဘက်ကနေ တည်ဆောက်ပေးဖို့နဲ့ ကွဲပြားနေတဲ့ ဘာသာဝင်တွေကို ထိန်းကြောင်းတည့်မတ်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့ဟာ နောက်ပိုင်းမှာ ဘုရင်/ဘုရင်မရဲ့ အာဏာကိုတောင် ကျော်လွန်ပြီး လုပ်ချင်ရာလုပ်တဲ့ ဥပဒေအထက်က အဖွဲ့ကြီး ဖြစ်လာခဲ့ပါတယ်။
ဒီအဖွဲ့ကို ဖွဲ့ခဲ့တဲ့အချိန်က စပိန်လို ရီကွန်ကစ္စတာ (Reconquista) လို့ခေါ်တဲ့ မွတ်ဆလင်တွေကို စစ်နိုင်ပြီးချိန်မှာ ဖွဲ့ခဲ့တာပါ။ ဒီအဖွဲ့က နိုင်ငံတော် (ဘုရင်) ကို သူတို့စိတ်တိုင်းကျ အမိန့်ထုတ်ခိုင်းပြီး ကက်လသစ်မဟုတ်တဲ့ ဘာသာခြားတွေကို နှိပ်ကွပ်ဖို့ ကြိုးစားလာခဲ့ပါတယ်။
သူတို့ရည်ရွယ်ချက်က အဲ့ဒီအချိန်တုန်းက စပိန်မှာ အလွန်များတဲ့ ဂျူးတွေနဲ့ မွတ်ဆလင်တွေကို ကက်လစ်ခရစ်ယာန်အဖြစ် ဘာသာပြောင်းဖို့ ဖြစ်ပါတယ်။ (မွတ်ဆလင် ဘုရင်တွေဟာ စပိန်နိုင်ငံကို နှစ်ပေါင်း ၈၀၀ နီးပါး မင်းလုပ် အုပ်ချုပ်ခဲ့တာပါ)
ရာဇသံကို ကြောက်ရတာမို့လို့ ထွက်မပြေးနိုင်တဲ့ ဂျူးတွေနဲ့ မွတ်ဆလင်တွေဟာ ဘာသာပြောင်းကြရပါတယ်။ ဒီလူတွေကို စပိန်ဘာသာစကားမှာတော့ ကွန်ဗဲဆို (Converso - ဂျူးကနေ ခရစ်ယာန်ကို ပြောင်းသူ) နဲ့ မော်ရိစ္စကို (Morisco - အစ္စလာမ်ကနေ ခရစ်ယာန်ကိုပြောင်းသူ) လို့ ခေါ်ကြပါတယ်။
အဲ့ဒီကာလတုန်းက ထွက်ပြေးသွားကြတဲ့ ဂျူးတွေရဲ့ မျိုးဆက်တွေကို စပိန်တဖက်ကမ်း မော်ရိုကိုနိုင်ငံမှာ ခုချိန်ထိ တွေ့နိုင်ပါသေးတယ်၊ မော်ရိုကိုသွားရင် မဖြစ်မနေ သွားရမဲ့ နေရာပါပဲ။
ကွန်ဗဲဆိုတွေ၊ မော်ရိစ္စကိုတွေဟာ ဘုရင့်အမိန့်ကြောင့်သာ အပြင်ပန်းမှာ ပြောင်းကြပေမဲ့ ဂျူးဘာသာနဲ့ အစ္စလာမ်ဘာသာကို တိတ်တဆိတ် ကြိတ်ပြီး ကိုးကွယ်နေခဲ့ကြပါတယ်။ Spanish Inquisition အဖွဲ့ကြီးဟာ ဒီလိုလူတွေကို လိုက်ရှာပြီး ဘာသာရေးအရ အပြစ်ပေးတဲ့အလုပ်ကို လုပ်တာပဲ ဖြစ်ပါတယ်။
သူတို့ပြစ်ဒဏ်ပေးပုံ၊ နှိပ်စက်ညှင်းပမ်းပုံတွေဟာ အင်မတန် ရက်စက်လွန်းပါတယ်။ မာဒရိမြို့လယ်ခေါင်က ပလာဆာ မာယော (Plaza Mayor) ဆိုတာ တချိန်က ဒီ Spanish Inquisition အဖွဲ့ကြီးရဲ့ လူသတ်ကွင်းကြီးပါပဲ။ ဓာတ်မီးတိုင်တွေ ခြေရင်းမှာ ထွင်းထုထားတဲ့ လူသတ်ပုံ မြင်ကွင်းတွေ ခုထိ တွေ့နိုင်ပါသေးတယ်။ ခုတော့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ နေ့ညမပြတ် စည်ကားတဲ့နေရာကြီး ဖြစ်နေပါပြီ။
ဒီအဖွဲ့ဟာ ဂျူးတွေ မွတ်ဆလင်တွေတင် မကဘဲ ပရိုတက်စတင့်တွေကိုလည်း ပစ်မှတ်ထားခဲ့ကြပါတယ်။ ဒီအဖွဲ့ကြီး တန်ခိုးထွားတဲ့ နှစ်ပေါင်း ၈၀၀ လောက်အတွင်းမှာ လူပေါင်း ၁ သိန်းခွဲလောက်ကို အပြစ်ပေးအရေးယူခဲ့သလို လူပေါင်း ၃ ထောင်ကနေ ၅ ထောင်အတွင်း နှိပ်စက်ညှင်းပန်းပြီး သတ်ဖြတ်ပစ်ခဲ့ပါတယ်။
Spanish Inquisition အဖွဲ့ကြီးက စွပ်စွဲထားသူ သို့မဟုတ် ဒီအဖွဲ့ကြီးက ပြစ်ဒဏ်စီရင်မဲ့ အပြစ်သားက ဒီ ထိပ်ချွန်ဦးထုပ်ရှည်ကြီးကို ဝတ်ဆင်ရပါတယ်။ ဒီဦးထုပ်ရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်ကြီးကြီးမားမား ရှိပါတယ်။
ဒီ ထိပ်ချွန် ဦးထုပ်ရှည်ကြီးတွေကို စပိန်ဘာသာစကားမှာ ကာပီရိုးတေ (Capirote) လို့ခေါ်ပါတယ်။ (ဒီအသုံးနှုန်းအတိုင်း ဆက်သုံးသွားပါမယ်) ထိပ်ကို ချွန်ထားရတဲ့အကြောင်းရင်းက အပြစ်ရှိသူဟာ သူ့အတွေးတွေကို ကောင်းကင်ဘုံဆီ ပို့လွှတ်နိုင်ဖို့ဖြစ်ပါတယ်။
ပြီးတော့ မျက်လုံးနှစ်လုံးပဲ ဖော်ထားပြီး မျက်နှာကို အုပ်ထားတာက အရှက်ရစေဖို့ပါ။ မျက်လုံးနှစ်လုံးကို အုပ်တာလည်း ရှိသလို မအုပ်တာလည်းပဲ ရှိပါတယ်။
ကာပီရိုးတေ စွပ်ထားရင် စကားပြောဆိုခွင့် မရှိဘဲ တိတ်ဆိတ် ငြိမ်သက်နေရပါတယ်။ သဘောကတော့ သူ နောင်တရကြောင်း၊ အရှက်ရကြောင်းကို လူတွေကို ပြခွင့်မရှိဘဲ ကိုယ့်ဘာသာပြန်လည်ဆင်ခြင်နိုင်ဖို့ပါ။
အဲ့ဒီ ၁၅ ရာစုကာလက အပြစ်သားဆောင်းတဲ့ ကာပီရိုးတေမှာတော့ မီးတောက်တွေ၊ မကောင်းဆိုးဝါးရုပ်တွေ ဆွဲထားလေ့ရှိပါတယ်။ ဒါကိုမြင်တာနဲ့ အပြစ်သားမှန်း သိသာစေဖို့ ဖြစ်ပါတယ်။
ခု စပိန်တနိုင်ငံလုံးကျင်းပကြတဲ့ ဒီ ဆေးမားနား ဆန်းတာ ပွဲတော်မှာ ဆောင်းကြတဲ့ ထိပ်ချွန်ဦးထုပ်ရှည်ကြီးတွေဟာ Spanish Inquisition တုန်းက အပြစ်သားတွေ ဆောင်းတဲ့ ကာပီရိုးတေပါပဲ။
ဒါပေမဲ့ အဓိပ္ပါယ်ကတော့ မတူတော့ပါဘူး။ အဲ့ဒီတုန်းကလို ကက်ကလစ်ဘာသာရေးကို ဆန့်ကျင်သူ အပြစ်သား မဟုတ်တော့ဘဲ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ပြန်လည်ဆင်ခြင်နိုင်ဖို့ ဘုရားသခင်အပေါ် ယုံကြည်ကိုးကွယ်ဆည်းကပ်မှုကို ပြတဲ့ သင်္ကေတအဖြစ် ဆောင်းထားကြတာပဲ ဖြစ်ပါတယ်။
အမေရိကန် လူဖြူကြီးစိုးရေးဝါဒီတွေ ဆောင်းကြတဲ့ အဖြူရောင် ထိပ်ချွန်ဦးထုပ်ရှည်ဟာ စပိန်က ကာပီရိုးတေ နဲ့ ချွတ်စွပ်ပုံစံတူပေမဲ့ အဓိပ္ပါယ်ကတော့ လုံးဝပြောင်းပြန်ပါ။ ကေကေကေ အဖွဲ့ဆောင်းတာက သူတို့ ဘယ်သူလဲဆိုတာ ဖုံးကွယ်ထားချင်တာ၊ ကြောက်မက်ဖွယ်ပုံစံဖြစ်အောင် လုပ်ချင်တာကြောင့်လို့ သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။
ဘာကြောင့် ဒီလိုမျိုး ပုံစံတူနေရသလဲ၊ ကေကေကေအဖွဲ့က Spanish Inquisition ခေတ်တုန်းက ပုံစံကို ကူးချထားတာလားဆိုတာတွေကိုတော့ အတိအကျ မသိရပါဘူး။
ဂျူးတွေ၊ ပရိုတက်စတင့်တွေ၊ မွတ်ဆလင်တွေကို ကက်သလစ် မဟုတ်လို့ ဒါမှမဟုတ် ကက်သလစ်ဘာသာကို မကူးပြောင်းလို့ဆိုပြီး ဘာသာရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ကြီး ဖွဲ့ပြီး အပြစ်ပေး သတ်ဖြတ်ခဲ့တဲ့ စပိန်နိုင်ငံဟာ ခုတော့ လူ့အခွင့်အရေး၊ မတူကွဲပြားမှုကို ဦးစားပေးတဲ့ နိုင်ငံထဲမှာ ထိပ်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေပါပြီ။
ဘာသာမတူသူတွေကို မုန်းတီး၊ လူနည်းစုကို ခွဲခြားပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးသည်သာ ပထမ ဆိုတဲ့ ဘာသာရေး လူမျိုးရေး အစွန်းရောက် လက်ယာစွန်းတွေ ကြီးစိုးလာတဲ့ ဒီနေ့လိုအချိန်မှာ တချိန်က ခက်ခဲကြမ်းတမ်းတဲ့ သမိုင်းကို ဖြတ်သန်းခဲ့တဲ့ စပိန်နိုင်ငံသားတွေဟာ အတော်ကို ချိန်ခွင်လျှာညှိပြီး နေထိုင်ကြတာ တွေ့ရပါတယ်။
စပိန်ရဲ့ လက်ရှိအစိုးရ အာဏာရပါတီဟာ ဗဟို-လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်ဖြစ်ပါတယ်။ ဒါပေမဲ့ လူကြိုက် မများပါဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက အင်မတန် ခက်ခက်ခဲခဲနဲ့ အစိုးရဖွဲ့ထားတာပါ။ ရွေးကောက်ပွဲမှာ အနိုင်မရပေမဲ့ လူကြိုက်များလာတဲ့ ပါတီကတော့ အမျိုးသားရေးအစွန်းရောက် စန်တီယားဂိုး အာဘာစကား ရဲ့ Vox ပါတီဖြစ်ပါတယ်။
အမေရိကန်တင်မကတော့ဘဲ ဥရောပနဲ့ တောင်အမေရိကမှာလည်း လက်ယာစွန်းဟာ အင်မတန် အားကောင်းလာနေတာပါ။ အမေရိကန်မှာဆို ဒေါ်နယ်ထရမ့်၊ ဟန်ဂေရီမှာ ဗစ်တာ အော်ဘန်၊ အီတလီမှာ ဂျော်ဂျီယာ မယ်လိုနီ၊ အာဂျင်တီးနားမှာ ဟာဗီယဲ မီလေး၊ ပြင်သစ်မှာ လူကြိုက်များတဲ့ မရင်း လပန်း၊ နယ်သလန်က မျိုးချစ်အစွန်းရောက် ဟီရတ် ဖေးဒါးစ်၊ သြစတြီးယားမှာ ဟားဗတ် ကစ်ကဲ စသဖြင့်…
လက်ရှိ ကမ္ဘာ့နိုင်ငံရေးမှာ ပြောဆိုနေကြပုံတွေနဲ့ လူပြိန်းကြိုက် လက်ယာစွန်း နိုင်ငံရေးသမားတွေကို ထောက်ခံလာသူတွေရဲ့ လေသံတွေကို နားထောင်ကြည့်ရင် ၁၉ ရာစုကို ပြန်သွားနေပြီလားလို့တောင် ထင်ရပါတယ်။