ပတ်စ်ပို့စ် မရှိတဲ့လူတွေ
ဖရန်ကို သေတဲ့နေ့ နိုဝင်ဘာ ၂၀ မှာ သူ့ကိုထောက်ခံသူတွေ နန်းတော်ရှေ့ လာစုကြတဲ့ပွဲမှာ ကိုင်လာတဲ့အလံတွေထဲ ထူးခြားတာ တခုပါတယ်။ အဲ့ဒါက “Make Spain Great Again” တဲ့။
မာဒရိ (Madrid) မြို့က လည်စရာ ပတ်စရာနည်းတော့ ကမ္ဘာလှည့်ခရီးသွားတွေက ဘာစီလိုနာကို ပိုရွေးကြတယ်။ ကျနော်တွေ့ဖူးသမျှ အမေရိကန်တွေ ဥရောပသားတွေကို မေးကြည့်လိုက်ရင် မာဒရိကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့လူတွေများတယ်။ ဒါပေမဲ့ ဘာစီလိုနာကိုတော့ အကြိမ်ကြိမ်ရောက်ဖူးတဲ့လူတွေချည်းပဲ။
မာဒရိမြို့က တထောက်နား ဒါမှမဟုတ် စပိန်တနိုင်ငံလုံးကို ပတ်ပြီး အိမ်မပြန်ခင်မှာ ခဏဝင်ကြတဲ့မြို့လို့ ဆိုရမယ်။ ကျနော်က အင်္ဂလိပ်စကားပြောတဲ့ ဧည့်သည်တွေကို အဓိက လိုက်ရတာဆိုတော့ အမေရိကန်နဲ့ ဗြိတိသျှတွေ ပိုများတာပေါ့။
Tour ထွက်ရင် ဘုရင့်နန်းတော်ကတော့ မပါမဖြစ်။ ဟိုး ၁၆ ရာစု တိုလေးဒိုး1 ဆိုတဲ့မြို့ကနေ မာဒရိ ကို မြို့တော်အဖြစ်ပြောင်းရွှေ့သတ်မှတ်တဲ့ ဘုရင် ဖိလစ် ၂2 လက်ထက်ကနေ ခုလက်ရှိ ဖိလစ် ၄3 ထိ ပြောပြရတယ်။
ဒီနန်းတော်ကြီး မဆောက်ခင်က ရှိခဲ့တဲ့ အာကားဆား4 ခံတပ်ကြီးအကြောင်းကနေ စပိန်သမိုင်းမှာ အင်မတန် ထင်ရှားတဲ့ ပန်းချီဆရာ ဒီယေဂို ဗေလားဆကက်5 အကြောင်း၊ သူ့ပန်းချီကားတွေ မီးလောင်တဲ့အကြောင်း၊ လန်ဒန်က ဘတ်ကင်ဟန် နန်းတော်6 ထက် ကြီးတဲ့အကြောင်း စသဖြင့်။
တခါတလေ ပြင်သစ်တွေ ပါလာရင်တော့ နပိုလီယန်က မာဒရိကိုသိမ်းတော့ ဒီနန်းတော်ကြီးမှာ သူ့ညီ ဂျိုးဆက်ဖ် ဘိုနာပတ်7 ကို ထားခဲ့တဲ့အကြောင်းမျိုး ထည့်ပြောရတယ်။
နေရာတခုအကြောင်း ပြောပြီးရင် တကိုယ်တော် ဟာသပြောသမား8 တွေ လုပ်သလို ဟာသလေးနှောပြီး အဆုံးသတ်တယ်။ အဲ့ဒါက ဒီနန်းတော်မှာ အခန်းပေါင်း ဘယ်လောက်ရှိတယ် ထင်သလဲ မေးလိုက်ရင် ဧည့်သည်တွေက ၁၀၀၊ ၂၀၀၊ ၃၀၀ စသဖြင့် ဖြေကြတယ်...
ကျနော်က “တကယ်က ၃၄၁၈ ခန်းရှိတယ်” ပြောလိုက်ရင် “တကယ်ကြီးလား” ဖြစ်ကြတာပေါ့။
တချို့ ဧည့်သည်တွေက စပိန်ရဲ့ ပြည်တွင်းစစ်နဲ့ အာဏာရှင် ဖရန်စ္စကို ဖရန်ကို9 အကြောင်း စိတ်ဝင်စားကြတယ်။ အဲ့ဒီလို ဧည့်သည်မျိုးပါလာရင် ကျနော့်ခွင်ထဲ ဝင်တာပဲ။
စပိန် ပြည်တွင်းစစ်အကြောင်းပြောရင် ဗြိတိသျှ သမိုင်းဆရာ ပေါလ် ပရက်စတန်10 ရဲ့ စာအုပ်တွေကို မဖြစ်မနေ ထည့်ပြောရပါတယ်။ စပိန်ပြည်တွင်းစစ်နဲ့ ပတ်သက်ရင် သူ့စာအုပ်တွေက အင်မတန် ထင်ရှားတယ်။ ဗြိတိသျှ ဧည့်သည်တွေပါလာရင် ပိုပြောလို့ကောင်းတဲ့ အကြောင်းအရာ။
၁၉၃၉ မှာ စပိန်ပြည်တွင်းစစ် ပြီးသွားတော့ ဖရန်ကိုက စစ်အာဏာရှင်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ ဘုရင် ထွက်ပြေးသွားတဲ့ နန်းတော်ကြီးက ဟာလာဟင်းလင်း ကျန်ရစ်တယ်။ ဖရန်ကို က နန်းတော်မှာတော့ မနေပေမဲ့ နိုင်ငံရေးရည်ရွယ်ချက်အနေနဲ့ ခဏခဏ အသုံးချတယ်။ အထူးသဖြင့် နိုင်ငံရေး မိန့်ခွန်းပြောတဲ့နေရာမှာ နန်းတော်ရဲ့ လသာဆောင်ကနေ ပြောလေ့ရှိတယ်။ (ဓာတ်ပုံထဲ တွေ့နိုင်ပါတယ်)
သူက ၁၉၇၅ မှာကွယ်လွန်တော့ တိုင်းပြည်ကို ဘုရင်စနစ်နဲ့ ထားခဲ့တယ်။ တက်လာတဲ့ဘုရင်က ခုလက်ရှိ စပိန်ဘုရင် ဖိလစ် ၄11 ရဲ့ အဖေ ဟွမ် ကားလို့စ် ၁12။ အင်မတန် ရည်းစားများတယ်။ တလောကတောင် သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ထွက်လာလို့ စာပေလောကထဲ ပွက်လောရိုက်သေးတယ်။
ဖရန်ကို ကွယ်လွန်တာက နိုဝင်ဘာ ၂၀။ ဒီနေ့မှာ သူ့ကို ထောက်ခံသူတွေက နန်းတော်ရှေ့လာပြီး အောက်မေ့ကြောင်း ပွဲလုပ်လေ့ရှိတယ်။ ၁၉၇၅ နောက်ပိုင်းနှစ်တွေပေါ့။
နန်းတော်ရှေ့မှာ အလံတွေကိုင်ပြီး Viva España - စပိန်နိုင်ငံ အဓွန့်ရှည်ပါစေ တို့၊ Viva El Rey - ဘုရင်ကြီး အဓွန့်ရှည်ပါစေ၊ ဘုရင်စနစ် အဓွန့်ရှည်ပါစေ တို့ ကြွေးကြော်ကြတယ်။ စပိန်မှာ ဒီကြွေးကြော်သံတွေကို အမျိုးသားရေးသမားတွေလည်း သုံးကြတယ်။
ဒီအကြောင်းပြောရင်း ဒီနေရာရောက်ရင် ခဏနားပြီး ဧည့်သည်တွေကို ကြည့်ရတယ်။ အထူးသဖြင့် အမေရိကန် ဧည့်သည့်တွေဆိုရင် ပိုပြီး သတိထားရတယ်။
“ငါ ဆက်ပြောရမလား မပြောသင့်ဘူးလား မသိဘူး၊ ဘာလို့လဲဆို ဆက်ပြောရမဲ့အကြောင်းက နည်းနည်း အငြင်းပွားစရာရှိတယ်၊ တချို့တော့ ကြိုက်ကြမှာ မဟုတ်ဘူး” လို့ စကားခံလိုက်ရင် အမေရိကန်တွေက ပို စိတ်ဝင်စားသွားပြီး “ပြောပါ ပြဿနာမရှိဘူး၊ ပြောမှာသာပြော” ထောက်ပေးတတ်တယ်။
ဖရန်ကို သေတဲ့နေ့ နိုဝင်ဘာ ၂၀ မှာ သူ့ကိုထောက်ခံသူတွေ နန်းတော်ရှေ့ လာစုကြပြီး ပွဲလုပ်ခဲ့တဲ့ နောက်ဆုံးအကြိမ်က ၂၀၁၆ ခုနှစ်။ အဲ့ဒီမှာ ကိုင်လာတဲ့အလံတွေထဲ ထူးခြားတာ တခုပါတယ်။ အဲ့ဒါက “Make Spain Great Again” ဆိုတာပဲ။
အဲ့ဒီလိုလည်း ပြောလိုက်ရော အမေရိကန်ဧည့်သည်တွေ ဟာ၊ ဟင်၊ အိုး ဖြစ်ကြရော။ တချို့လည်း မျက်မှောင်ကျုံ့ကြ၊ တချို့လည်း ပါးစပ်အဟောင်းသား။ လူငယ်တွေပါလာရင်တော့ ဖုန်းထုတ်ပြီးပါ ကြည့်ကြတာမျိုး၊ ဟုတ်ပါ့မလားပေါ့။
အဲ့ဒီမှာ အမေရိကန်ဧည့်သည်တချို့က ဘာပြန်ပြောလဲဆိုတော့...
“သြော် ဒါကြောင့် အငြင်းပွားစရာလို့ စကားခံထားတာကိုး။ မပူပါနဲ့၊ အဲ့ဒီအကြောင်းအရာတွေကို ပြောလို့ မကြိုက်တဲ့လူတွေဆိုတာ ပတ်စ်ပို့ရှိတဲ့လူတွေ မဟုတ်ဘူး” တဲ့။
Toledo
Felipe II
Felipe IV
Royal Alcázar of Madrid
Diego Velázquez
Buckingham Palace
Joseph Bonaparte
Stand-up comedian
Francisco Franco
Paul Preston
Felipe IV
Juan Carlos I


